တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

စစ်တွေပွိုင့်ကမ်းခြေတွင် အမည်မသိအလောင်းတစ်လောင်း တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၂ / ၂၀၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ပွိုင့်ကမ်းခြေတွင် ယနေ့နံနက်က အမည်မသိ အလောင်းတစ်လောင်း တွေ့ရှိကြောင်း သိရသည်။
ပွိုင့်ကမ်းခြေတွင် အသက် ၅၀ အရွယ်ရှိ အမျိုးသားတစ်ဦးသေဆုံးနေသည်ကို ယနေ့ ဒီဇင်ဘာ ၂၂ ရက် နံနက် ၈ နာရီတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မည်သူမည်ဝါဆိုသည်ကို မသိရသေးကြောင်း ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကိုဇေယျာလင်းက နိရဥ္စရာကိုပြောသည်။
“သေဆုံးသူက ဘယ်သူမှန်းတော့ မသိရသေးဘူး။ ဒဏ်ရာ ဒဏ်ချက်တွေတော့ပါတယ်။ မျက်လုံးတစ်ဖက် မပါဘူး။ နှာခေါင်းက သွေးထွက်နေတယ်”ဟု ပြောသည်။
အဆိုပါအလောင်းအား စစ်တွေဆေးရုံ ရင်ခွဲရုံသို့ပို့ဆောင်ခဲ့သည်ဟုလည်း သိရသည်။
အဆိုပါကိစ္စနှင့်ပက်သက်၍ အမှတ် ၁ ရဲစခန်းအားဆက်သွယ်ရာ ဆက်သွယ်၍မရရှိခဲ့ပါ။
ပြီးခဲ့သည့် အောက်တိုဘာ ၁၄ ရက်ကလည်း ပွိုင့်ကမ်းခြေရှိ စစ်တွေဟိုတယ်အနီးမှ ကွန်ကရစ်တံတားငယ်အနီးတွင် အသက် ၄၀ အရွယ် အမည်မသိအမျိုးသား အလောင်းတစ်လောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်ကလည်း ပွိုင့်ကမ်းခြေသွားလမ်း သောင်စပ် ဒီရေတော ခြုံပုတ်တွင် အသက် ၃၀ ကျော်အရွယ် အမည်မသိ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ