တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မောင်တောတွင် မူလတန်းကျောင်းသူ ၁ ဦးနှင့် ကျောင်းသား ၁ ဦး ကားတိုက်ခံရ၍ သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.4k

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၃ / ၂၀၂၁
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မောင်နှစ်မဖြစ်သည့် မူလတန်းကျောင်းသူ ၁ ဦးနှင့် ကျောင်းသား ၁ ဦးသည် ကားတိုက်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသည့်မောင်နှမ ၂ ဦးမှာ မောင်တောမြို့နယ် ရွှေဗဟိုရ်ကျေးရွာမှ ဦးစိန်လှမောင်နှင့် ဒေါ်ထွေးနေစိန်တို့၏ သမီး မမြသိန်းနု(၇ နှစ်)နှင့် သား မောင်ထွန်းထွန်းလင်း (၅ နှစ်)တို့ဖြစ်သည်။
သူတို့မောင်နှမ ၂ ဦးသည် ယနေ့ ဒီဇင်ဘာလ ၂၃ ရက် မွန်းလွဲပိုင်းက မိသားစုနှင့်ထမင်းစားပြီး၍ ကျောင်းတစ်ပိုင်းပြန်တက်ရန် ရွာရှိ မူလတန်းကျောင်းသို့ ကျောင်းတက်ရန်သွားစဉ် မွန်းလွဲ ၁၂ နာရီကျော်ခန့်တွင် ရွှေဗဟိုရ်ကျေးရွာနှင့် အလယ်သံကျေးရွာလမ်းမ၌ ကျောက်သယ်ကား(တေဘာကား)တစ်စီးက ဝင်တိုက်ခဲ့သည့်အတွက် အခင်းဖြစ်သည့်နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခြင်းဖြစ်သည်ဟု သိရသည်။
ရွှေဗဟိုရ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းစိန်က “ကားတိုက်ပြီး ကားသမားက ထွက်ပြေးသွားတယ်။ တရားခံကို ရဲတွေက ရှာဖွေနေတယ်။ ကလေးတွေက ပွဲချင်းပြီးသေဆုံးသွားတယ်”ဟုပြောသည်။
အဆိုပါကလေးများတွင် ဦးခေါင်းပွင့်ထွက်သွားပြီး နံရိုးများလည်းကျိုးကာ သွေးထွက်လွန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု အလောင်းများအားသွားရောက်သယ်ဆောင်ခဲ့သည့် မောင်တောမြို့နယ် ကရုဏာကွန်ရက်ဥက္ကဋ္ဌ ကိုချစ်ထူးခိုင်က ပြောသည်။
“မိန်းကလေးက ဦးခေါင်းပွင့်ထွက်သွားတယ်။ ယောက်ျားလေးမှာတော့ နံရိုးကျိုးပြီး ခေါင်းကွဲသွားတယ်”ဟု ပြောသည်။
သေဆုံးသွားသည့် မမြသိန်းနုသည် ဒုတိယတန်းကျောင်းသူဖြစ်ပြီး မောင်ထွန်းထွန်းလင်းသည် သူငယ်တန်းကျောင်းသားဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါကလေး ၂ ဦးကို မောင်တောဆေးရုံ သို့ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ