တနင်္ဂနွေ၊ မေလ ၁၂ရက်၊ ၂၀၂၄

မာန်အောင်အများပိုင်ကုမ္ပဏီဝန်ထမ်း ဒဏ်ရာများဖြင့်သေဆုံးမှု အမှုမှန်ပေါ်ပေါက်စေလိုဟု မိသားစုဝင်များပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 828

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၇ / ၂၀၂၂
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့မှ ဒဏ်ရာများဖြင့်သေဆုံးသွားသည့် မာန်အောင်အများပိုင်ကုမ္ပဏီဝန်ထမ်းအမှုကို အမှုမှန်ပေါ်ပေါက်စေလိုသည်ဟု မိသားစုဝင်များက ပြောသည်။
မိသားစုဝင်တစ်ဦးဖြစ်သူ ကိုမျိုးမင်းသူက “ဒဏ်ရာက လည်ပင်းမှာ ၂ ချက်၊ နှုတ်ခမ်းတွေမှာ၊ မျက်ခမ်းအောက်တွေမှာ တွေ့တယ်။ ရိုးရိုးတန်းတန်းသေတာမဟုတ်ဘူးထင်တယ်။ ကျနော်ဖြစ်စေချင်တာကတော့ ဒီအမှုမှန်ပေါ်ပေါက်ဖို့အတွက် သက်ဆိုင်ရာ အထက်လူကြီးတွေအနေနဲ့ ကြိုးစားပြီးဆောင်ရွက်ပေးစေချင်ပါတယ်”ဟု နိရဥ္စရာကို ပြောသည်။
သေဆုံးသူမှာ မာန်အောင်မြို့နယ် ကအီးကျေးရွာအုပ်စု၊ ကုန်းခြင်းကျေးရွာတွင် မိဘ ၂ ဦးနှင့်အတူနေထိုင်သည့် ကိုမင်းထက်ဝေ(၂၁ နှစ်)ဖြစ်သည်။
သူသည် ဖေဖော်ဝါရီလ ၂ ရက် ညဉ့် ၂ နာရီအချိန်တွင် သူအလုပ်လုပ်နေသည့်ဟိုတယ်အတွင်းမှပျောက်ဆုံးသွားခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ ၅ ရက် နေ့လယ် ၁ နာရီခွဲခန့်တွင် ဟိုတယ်ဝန်ထမ်းများက ဟိုတယ်ဇုန်အတွင်းရှိ ဆည်၌ ဒဏ်ရာများဖြင့်သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုမင်းထက်ဝေသေဆုံးမှုမှာ လူသတ်မှုဟုယူဆရသည်ဟုလည်း ဦးလေးတော်စပ်သူ မာန်အောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးကျော်သန်းက ပြောသည်။
“လူသတ်မှုလို့ယူဆရတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့မျက်လုံးတွေလည်း ပြူးထွက်နေတယ်။ စူးနဲ့ထိုးထားတဲ့ ဒဏ်ရာတွေလည်းရှိနေတယ်။ မိသားစုဝင်တစ်ယောက်အနေနဲ့ အမှုမှန်ကိုပေါ်ပေါက်စေချင်တယ်။ ကျူးလွန်သူကိုလည်း အရေးယူပေးစေချင်တယ်”ဟုပြောသည်။
မာန်အောင်မြို့နယ် ဆားချက်တိုက်နယ်ရဲစခန်းမှ ဒုရဲအုပ်နေလင်းထွန်းကလည်း ယခုကိစ္စကို အမှုဖွင့်ဆောင်ရွက်ကာ ကျူးလွန်သူကို စုံစမ်းနေသည်ဟု ပြောသည်။
“ကျနော်တို့ ခုလောလောဆယ်တော့ တရားခံကိုစုံစမ်းနေတုန်းပေါ့နော်။ သက်သေတွေရအောင်လည်း စုံစမ်းနေပါတယ်။ ကျနော်ကလည်း အမှုလက်ခံပြီးဆောင်ရွက်ပေးနေပါတယ်”ဟုပြောသည်။
သေဆုံးသူသည် မာန်အောင်မြို့နယ်၊ ကအီးကျေးရွာနှင့် မိန်းမကြွယ်ကျေးရွာအကြားတွင် မာန်အောင်အများပိုင်ကုမ္ပဏီက တည်ဆောက်ထားသော ဟိုတယ်ဇုန်၌ ပြီးခဲ့သည့်နှစ် အောက်တိုဘာလမှစတင်ကာ စားဖိုမှူးအဖြစ် အလုပ်လုပ်နေသူဖြစ်သည်။

ဆက်စပ် သတင်းများ