အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

ရုရှားအကျပ်အတည်းက ပူတင်​၏ အာဏာအက်ကြောင်းထနေပြီကို သက်သေပြနေဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 674

ဝက်ဂနာ တပ်ဖွဲ့​၏ တော်လှန်ပုန်ကန်ရန် ကြိုးစားမှုက ရုရှားသမ္မတပူတင်​၏ အုပ်ချုပ်ရေးတွင် အမှန်တကယ် အက်ကြောင်းထနေပြီဆိုသည်ကို ပြသနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။

 

ပြီးခဲ့သည့် စနေနေ့က ယက်ဗ်ဂျီနီ ပရီဂိုဇင် ဦးဆောင်သော လက်နက်ကိုင် ဝက်ဂနာ ကြေးစားတပ်များ မော်စကိုမြို့သို့ ချီတက်လာခဲ့ပြီး တောင်ပိုင်း ရော့စတော့ဗ်မြို့ နှင့် ဗိုရိုနက်ဇ်မြို့များကို ထိန်းချုပ်ခဲ့သည်။

 

လမ်းတဝက်အရောက်တွင် သမ္မတပူတင်​၏ တိုက်တွန်းချက်ဖြင့် ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ကြားဝင်စေ့စပ်သဖြင့် သဘောတူညီမှုရပြီး ဆက်လက်ချီတက်ခြင်းမပြုတေ့ာဘဲ နောက်ပြန် လှည့်သွားခဲ့သည်။

 

အဆိုပါဖြစ်ရပ်မှာ မော်စကိုရှိ ပူတင်​၏ အုပ်ချုပ်ရေးအာဏာကို တိုက်ရိုက်စိန်ခေါ်မှု တစ်ခု ဖြစ်သည်ဟု ဘလင်ကင်က CBS သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

 

" ဒါကိုကြည့်ရင် မေးစရာမေးခွန်းတွေအများကြီး ထွက်လာတယ်။ ဒါဟာ (ပူတင်ရဲ့အုပ်ချုပ်ရေး) အက်ကြောင်းထနေပြီဆိုတာ ပြနေတယ်" ဟု ဘလင်ကင်က ဆိုသည်။

 

ယခုပြောဆိုမှုသည် လွန်ခဲ့သောရက်က ဖြစ်ပေါ်ခဲ့သည့် ရုရှားအကျပ်အတည်းနှင့်ပတ်သက်ပြီး အမေရိကန်​၏ ပထမဦးဆုံး လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှုဖြစ်သည်။

 

ပြီးခဲ့သည့်ရက်အတွင်း အမေရိကန်သည် ဥရောပမဟာမိတ်နိုင်ငံများနှင့် အဆက်မပြတ် ဆွေးနွေးတိုင်ပင်ကာ ရုရှားအရေးကို စောင့်ကြည့်နေခဲ့သည်။

 

ပုန်ကန်မှု​၏ ဂယက်ကြောင့် ရုရှား နှင့် ယူကရိန်းတွင် ဘာတွေဆက်ဖြစ်မည်ကို ပြောရန် စောနေသေးသည်ဟုလည်း ဘလင်ကင်က ဆိုသည်။

 

သို့သော် ယခုဖြစ်ရပ်မှာ မော်စကိုက စေလွှတ်ထားသော ကြေးစားတပ်က မော်စကိုဘက်သို့ သေနတ်ပြောင်း ပြန်လှည့်သည့် "အလွန်ထူးခြားသော တော်လှန်ပုန်ကန်မှု" ဖြစ်စဉ်ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။

 

" ပြီးခဲ့တဲ့ ၁၆လ တုန်းက ရုရှားတပ်တွေဟာ ကိယက်ဗ်မြို့ရဲ့ တံခါးပေါက်အထိ ရောက်ခဲ့ကြတယ်။ ခုတော့ ဒီအပတ်ထဲမှာပဲ သူတို့ဟာ မော်စကိုမြို့တော်ကို ကာကွယ်ဖို့ ပြင်ဆင်နေရတဲ့အခြေအနေ ပြန်ရောက်သွားပြီ" ဟု CBS သတင်းနှင့် မေးမြန်းခန်းတွင် ဘလင်ကင်က ပြောကြားခဲ့သည်။

 

ကြေးစားတပ်ခေါင်းဆောင် ပရီဂိုဇင်​၏ ပုန်ကန်မှုက ယူကရိန်းစစ်ပွဲတွင် ရုရှားတို့ ရှုံးနိမ့်နေပြီဆိုသည်ကို ပြသနေကြောင်း၊ အလားတူ အာဏာကို လုံးဝဆုပ်ကိုင်ထားသည့် သမ္မတပူတင်အား တန်ပြန်စိန်ခေါ်မှု တစ်ခုဖြစ်ကြောင်း ဘလင်ကင်က ဆိုသည်။

 

" ပရီဂိုဇင်က ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်နဲ့ပတ်သက်ပြီး မေးခွန်းတွေအများကြီး ထုတ်ခဲ့တယ်။ ယူကရိန်း ရော နေတိုး ကပါ ရုရှားကို ခြိမ်းခြောက်တဲ့ အခြေအနေမျိုး မရှိခဲ့ဘူးလို့ ပရီဂိုဇင်က ပြောခဲ့တယ်။ ဒါဟာ ပူတင်အမြဲပြောနေတဲ့ နေတိုးက ခြိမ်းခြောက်လို့ပါ ဆိုတဲ့ အကြောင်းပြချက် မမှန်ဘူးဆိုတာ ပြနေတယ်" ဘလင်ကင်က တော်လှန်ပုန်ကန်မှုကြောင့် အာရုံပြောင်းသွားသည့် ရုရှားအခြေအနေကြောင့် စစ်မြေပြင်တွင် တန်ပြန်တိုက်ပွဲ ဆင်နွှဲနေသည့် ယူကရိန်းတို့အတွက် အားတက်စရာဖြစ်ခဲ့သည်ဟု ဆိုသည်။

 

NN- 27

Ref: Reuters /can

ဆက်စပ် သတင်းများ