အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်းအားရယူရန် ကြိုးပမ်းနေသည်ဆိုသောပြောဆိုမှု မဟုတ်မှန်ကြောင်း အမေရိကန်ငြင်းဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 918

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊နတ်မြစ်၀ရှိ စိန့်မာတင်ကျွန်းအား အမေရိကန်က ရယူရန် ကြိုးပမ်းနေသည်ဆိုသော ကိစ္စနှင့်ပတ်သက်ပြီး မည်သူတစ်ဦး တစ်ယောက်နှင့်မျှ ပြောဆို ဆွေးနွေးတိုင်ပင်ခဲ့ခြင်း မရှိကြောင်း ပြောဆိုလိုက်သည်ဟု  Dhaka Tribune  တွင် ဇွန် ၂၇ ရက်နေ့က သတင်းဖော်ပြသည်။


တနင်္လာနေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာက စိန့်မာတင်ကျွန်းကို အမေရိကန်က ရယူရန်ကြိုးပမ်းနေသည်ဆိုသောကိစ္စ နှင့် အတိုက်အခံ BNP ပါတီက အမေရိကန်သို့ ရောင်းချမည်ဆိုသည့်ကိစ္စ မေးမြန်းလာမှုအပေါ် ယခုကဲ့သို့ဖြေကြားလိုက်ခြင်းဖြစ်သည်။

 

 စိန့်မာတင်ကျွန်းအား အမေရိကန်က ဝယ်ယူ(သို့မဟုတ်) ရယူလိုခြင်းလား၊ သို့မဟုတ် ထိုသတင်းသည် သတင်းမှားလားဟု မေးမြန်းခဲ့ရာ တိကျသေချာမှုမရှိသောသတင်းသာ ဖြစ်သည်ဟု ၎င်းက ဖြေကြားခဲ့သည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကျွန်တော်တို့ လေးစားတယ်။ စိန့်မာတင်ကျွန်း ရယူဖို့နဲ့ပတ်သက်ပြီး ဘယ်တုန်းကမှ ဘယ်သူနဲ့မှ စကားမပြောဖူးပါဘူး။ ဘင်္ဂလားဒေ့ရှ်နဲ့ လက်တွဲဖော်ဖြစ်ရတာကို ကျွန်တော်တို့ တန်ဖိုးထားပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအပါအဝင် ဒီမိုကရေစီထွန်းကားရေးအတွက် ကျွန်တော်တို့ အတူကြိုးပမ်းနေကြပါတယ်ဟု ပြောရေးဆိုခွင့်ရှိသူ မက်သရုး မေလာက ပြောကြားခဲ့သည်။



 ဘင်္ဂလားဒေ့ရှ် အလုပ်သမားပါတီ ဥက္ကဋ္ဌ ာရှက်ခန် မီနွန်က အမေရိကန်သည် ရှိတ်ဟာဆီနာ အစိုးရကို ပြုတ်ကျအောင် လုပ်ပြီး စိန့်မာတင်တင်ကျွန်းကို ရရှိအောင် ကြိုးစားနေဟု စွပ်စွဲပြောကြားခဲ့ကြောင်း  Bdnews24.comတွင် ဇွန်လ ၁၆ ရက်က ရေးသားဖော်ပြသည်။

 

 ဘင်္ဂလားဒေ့ရှ်နိုင်ငံ​၏ အကြီးဆုံး ကွန်မြူနစ်ပါတီလည်းဖြစ်၊ လက်ရှိအာဏာရ အဝါမီလိဂ်အစိုးရ​၏ မဟာမိတ်ပါတီငယ်လည်းဖြစ်သော အလုပ်သမားပါတီခေါင်းဆောင် မီနွန်က လွှတ်တော်အတွင်း လာမည့်နှစ် အမျိုးသားဘတ်ဂျက်ခွဲဝေရေးကိစ္စ ဆွေးနွေးကြစဉ်ယခုလို ပြောကြားလိုက်ခြင်းဖြစ်သည်။

 

သို့သော် လက်ဝဲခေါင်းဆောင်တစ်ဦးဖြစ်သူ မီနွန်က မည်သည့်အတွက်ကြောင့် ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ သာယာလှပပြီး ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်လေ့ရှိသော စိန့်မာတင်ကျွန်းကို အမေရိကန်က လိုချင်နေသည်ဆိုသည်ကို မရှင်းပြခဲ့ဟု သတင်းတွင် ဖော်ပြထားသည်။

 

နတ်မြစ်၀တွင် တည်ရှိသည့် စိန့်မာတင်ကျွန်းအား အမေရိကန်တို့ ရယူရန် ကြိုးစားနေသည် ဆိုသော ကောလဟလ သတင်းများပျံ့နှံ့ထွက်ပေါ်လာပြီးနောက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ရှင်းလင်းချက်ထွက်ပေါ်လာခြင်း ဖြစ်သည်။

 

NN-27

Ref: Dhaka Tribune and Bdnews24.com

ဆက်စပ် သတင်းများ