အင်္ဂါ၊ မေလ ၁၄ရက်၊ ၂၀၂၄

တာလီဘန် အာဏာထိန်းချုပ်လိုက်ချိန်မှ စ၍ အာဖဂန်တွင် အရပ်သား ၁၀၀၀ ကျော် သေဆုံးခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 572

အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာထိန်းချုပ် ရယူလိုက်ချိန်မှ စ၍ ဗုံးခွဲတိုက်ခိုက်ခံရခြင်းနှင့် အခြားသော အကြမ်းဖက်မှုများကြောင့် အာဖဂန် အရပ်သား၁၀၀၀ ကျော် သေဆုံးခဲ့သည်ဟု ကုလသမဂ္ဂ​၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။


အင်္ဂါနေ့က ထုတ်ပြန်သော ကုလသမဂ္ဂ အာဖဂန်နစ္စတန် အထောက်အကူပြု မစ်ရှင် ( UNAMA)
​၏ အစီရင်ခံစာအရ သေဆုံးသူများ အပါအဝင် အရပ်သားထိခိုက်မှု  ၃၇၇၄ ဦးရှိခဲ့သည်ဟု သိရသည်။

 

ထိုအထဲတွင် သေဆုံးသူများနှင့် ထိခိုက်ဒဏ်ရာရသူများပါ ပါဝင်သည်။

 

၂၀၂၁ခုနှစ် ဩဂုတ်လလယ်မှ ၂၀၂၃ခုနှစ် မေလအတွင်း အရပ်သားသေဆုံးမှု စုစုပေါင်း ၁၀၉၅ ဦး ရှိခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

 

သေဆုံးသူအရေအတွက်မှာ တာလီဘန်များ အာဏာရယူ မထိန်းချုပ်မီအချိန်ကနှင့် နှိုင်းယှဉ်ပါက သိသိသာသာ လျော့နည်းသွားသည်ဟု သိရသည်။

 

ကုလသမဂ္ဂ​၏ ခန့်မှန်းချက်အရ ၂၀၂၀ တစ်နှစ်အတွင်း သေဆုံးခဲ့သော အရပ်သားစုစုပေါင်း ၃၀၃၅ ရှိသည်ဟု သိရသည်။

 

ကုလသမဂ္ဂအစီရင်ခံစာအရ အဓိကသေဆုံးရသည့်အကြောင်းမှာ ဝတ်ပြုဆုတောင်းမှုပြုလုပ်ရာ ဗလီများ၊စာသင်ကျောင်းများ နှင့် ဈေး အစရှိသည့် လူစည်ကားသော နေရာများတွင် လက်လုပ်မိုင်းများ ဖောက်ခွဲခံရမှုဖြစ်သည်ဟု သိရသည်။

 

သို့သော်လည်း တာလီဘန်တို့ အာဏာရယူပြီးသည့်နောက်ပိုင်းတွင် အသေခံဗုံးခွဲတိုက်ခိုက်မှုများ သိသိသာသာ လျော့နည်းသွားသည်ဟု ဆိုသည်။

 

ယခုချိန်ထိ အိုင်အက်စ် စစ်သွေးကြွအုပ်စုများ​၏ လုံခြုံရေးခြိမ်းခြောက်မှုများ မြင့်တက်နေဆဲဖြစ်သည်ဟု သိရသည်။

 

ကုလသမဂ္ဂ အာဖဂန်နစ္စတန် အထောက်အကူပြု မစ်ရှင်က အိုင်အက်စ်အဖွဲ့သည် အာဖဂန်နစ္စတန် တိုက်ခိုက်မှုများ​၏ အဓိကလက်သည်ဟု ဆိုသည်။

 

အာဖဂန်နစ္စတန်နိုင်ငံတွင် စီးပွားရေး နှင့် ငွေကြေးအကျပ်အတည်း ကြုံတွေ့နေရချိန်၌ အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားလေ့ရှိသည်ဟု အစီရင်ခံစာက ဖော်ပြသည်။

 

အလားတူ တာလီဘန်တို့ အာဏာရယူလိုက်ချိန်မှ စ၍ နိုင်ငံတကာ အလှူငွေ သိသာစွာ လျော့နည်းကျဆင်းသွားသည့်အတွက် ဘေးဒဏ်သင့်သူများ လိုအပ်သည့် ဆေးဝါး၊ ငွေကြေး နှင့် စိတ်ပိုင်းဆိုင်ရာအထောက်အပံ့များ ခက်ခဲသွားသည်ဟု သိရသည်။

 

 အာဖဂန်တွင် ဆယ်စုနှစ် နှစ်ခုကြာ စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ဦးဆောင်သော နေတိုးတပ်များ ပြန်လည်ဆုတ်ခွါသွားစဉ် ၂၀၂၁ခုနှစ် ဩဂုတ်လတွင် တာလီဘန်တို့က အာဖဂန်နစ္စတန်ကို ပြန်လည်ထိန်းချုပ် အာဏာရယူခဲ့ကြသည်။

 

တာလီဘန်များက အလယ်လတ်လမ်းစဉ်ဖြင့် အုပ်ချုပ်သွားမည်ဟု ကနဦး ကတိပေးခဲ့သော်လည်း အာဏာထိန်းချုပ်ပြီးနောက်ပိုင်း ပြင်းထန်ကြမ်းတမ်းသော ဥပဒေများ ပြဌာန်းအုပ်ချုပ်ခဲ့သည်။

 

မိန်းကလေးများ ဆဌမတန်းအောင်ပြီးလျှင် ကျောင်းဆက်တက်ခွင့် မရှိသလို အမျိုးသမီးများ လူများကြားသွားလာမှု နှင့် အလုပ်လုပ်ခွင့်ကို ပိတ်ပင်ခဲ့သည်။

 

NN-27

Ref: dhakatribune.com

 

ဆက်စပ် သတင်းများ