တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ဂါဇာစီးတီးဆေးရုံ၌ ပေါက်ကွဲမှုဖြစ်ပွါးပြီး အနည်းဆုံး လူပေါင်း ၅၀၀ ခန့် သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ အောက်တိုဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 502

အောက်တိုဘာ(၁၇)ရက်၊ အင်္ဂါနေ့က ဂါဇာစီးတီးဆေးရုံတွင် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်ခဲ့ရာ အနည်းဆုံး ပါလက်စတိုင်းလူမျိုး ၅၀၀ ခန့် သေဆုံးသွားသည်ဟု ဂါဇာအာဏာပိုင်များက ပြောကြားသည်။

ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဟားမတ်စ်တို့က အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဟု ပြောဆိုသော်လည်း အစ္စရေးတို့က မိမိတို့လက်ချက်မဟုတ်ဟု ငြင်းဆိုထားသည်။

ယခုကဲ့သို့ တိုက်ခိုက်မှုကြောင့် အနောက်ဘက်ကမ်း နှင့် အရှေ့အလယ်ပိုင်းဒေသဝန်းကျင်တွင် အစ္စရေး ဆန့်ကျင်ရေးဆန္ဒပြပွဲများ အရှိန်အဟုန်ပိုမိုမြင့်မားလာခဲ့သည်။

ဂါဇာဆေးရုံကြီး ပေါက်ကွဲမှုတွင် လူပေါင်း ၃၀၀ ခန့် သေဆုံးသည်ဟု ဂါဇာမြို့ပြကာကွယ်ရေးအကြီးအကဲက ပြောသော်လည်း ကျန်းမာရေးဌာနကမူ လူပေါင်း ၅၀၀ ခန့် သေဆုံးသည်ဟု ဆိုသည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အရှေ့အလယ်ပိုင်းခရီးစဉ်မှာ ယခုဖြစ်ရပ်ကြောင့် နောက်ဆုတ်ရလုအခြေအနေ ဖြစ်ခဲ့သည်။

ဘိုင်ဒင်သည် အစ္စရေးနိုင်ငံသို့ သွားရောက်မည်ဖြစ်သော်လည်း ဂျော်ဒန်ခရီးစဉ်ကိုမူ ဖျက်သိမ်းလိုက်ရသည်။

ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် ဂျော်ဒန်ဘုရင် နှင့် အမေရိကန်သမ္မတ ဘိုင်ဒင်တို့ တွေ့ဆုံကြမည့်အစီအစဉ်ကို ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း၊ အလားတူ အီဂျစ်၊ ပါလက်စတိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံမည့်အစီအစဉ်များကိုလည်း ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်

ယခုပေါက်ကွဲမှုနှင့် ပတ်သက်၍ အစ္စရေး နှင့် ဟားမတ်စ်တို့အကြား အပြန်အလှန်စွပ်စွဲနေကြပြီး အစ္စရေးတို့က ပါလက်စတိုင်းအစ္စလာမ်မစ် ဂျေဟဒ် စစ်သွေးကြွတို့၏ လက်ချက်သာဖြစ်သည်ဟု ဆိုထားသည်။

အင်္ဂါနေ့ ဆေးရုံပေါက်ကွဲမှု မဖြစ်ပေါ်မီအချိန်အထိ ဂါဇာတွင် အစ္စရေးတို့၏ ရက်ဆက် ဗုံးကြဲမှုကြောင့် သေဆုံးသူ ၃၀၀၀ ကျော်သွားပြီဟု ဂါဇာကျန်းမာရေးဌာနက ဆိုသည်။

မည်သူ့လက်ချက်ကြောင့် ပေါက်ကွဲမှုဖြစ်သည် ရှိစေ ဆေးရုံပေါ်မှ ပါလက်စတိုင်းလူနာ အမြောက်အများသေဆုံးခဲ့ရသည့် ယခုဖြစ်ရပ်ကြောင့် အရှေ့အလယ်ပိုင်းဒေသတွင် ပဋိပက္ခများ ပိုမိုကြီးထွားလာခဲ့သည်။

အင်္ဂါနေ့ကဖြစ်ပေါ်ခဲ့သော ပေါက်ကွဲမှုကို အာရပ်ကမ္ဘာက အပြင်းအထန် ကန့်ကွက်ရှုတ်ချခဲ့ပြီး တူရကီ၊ ဂျော်ဒန် နှင့် လက်ဘနွန်ရှိ အမေရိကန်သံရုံးများရှေ့တွင် အာရပ်ပြည်သူများ ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

အလားတူ ယီမင်၊ မော်ရိုကို နှင့် အီရတ်နိုင်ငံတို့တွင်လည်း ဆန့်ကျင် ဆန္ဒပြပွဲများပြုလုပ်ခဲ့သည်ဟု သိရသည်။

 NN-27

ref:CNA

ဆက်စပ် သတင်းများ