သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ဟိမဝန္တာနယ်ခြားဒေသသို့ အိန္ဒိယက စစ်သည် အင်အား ၁၀၀၀၀ ထပ်မံဖြည့်တင်းလိုက်ခြင်းကြောင့် နှစ်နိုင်ငံတင်းမာမှုကို ပိုဖြစ်စေကြောင်း တရုတ်နိုင်ငံကသတိပေးပြောကြား


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၀၉ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 568

အိန္ဒိယနိုင်ငံသည် တရုတ်နိုင်ငံနှင့် အငြင်းပွါးလျှက်ရှိသော ဟိမဝန္တာနယ်စပ်ဒေသသို့ စစ်သည်အင်အား ၁၀၀၀၀ ထပ်မံဖြည့်တင်းလိုက်ရာ အိန္ဒိယ၏ လုပ်ဆောင်ချက်သည် နှစ်နိုင်ငံတင်းမာမှုကို ပိုမိုဖြစ်ပေါ်စေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးပြောကြားလိုက်သည်။

အိန္ဒိယမီဒီယာများ၏ ဖော်ပြချက်အရ အိန္ဒိယသည် အနောက်ဘက်နယ်စပ်မှ စစ်သည်အင်အား ၁၀၀၀၀ ကို ဟိမဝန္တာနယ်စပ်ဒေသသို့ ပြောင်းရွှေ့နေရာချထားသည်ဟု သိရသည်။

တရုတ် နှင့် အိန္ဒိယတို့သည် နှစ်နိုင်ငံအငြင်းပွါးနေသော နယ်စပ်ဒေသတွင် တင်းမာမှုလျှော့ချရေး အတွက် စစ်ရေး၊ သံတမန်ရေး နည်းလမ်းများဖြင့် နှစ်ဘက်တွေ့ဆုံဆွေးနွေးဖြေရှင်းရန် သဘောတူထားခဲ့ကြသည်။

မကြာသေးမီကပင် အိန္ဒိယ-တရုတ် အနောက်ဘက်နယ်စပ်ဒေသအရေးကိစ္စများကို နှစ်နိုင်ငံအပြုသဘောဆောင် တွေ့ဆုံဖြေရှင်းခဲ့ကြသေးသည်။


အိန္ဒိယသည် တရုတ်နိုင်ငံနှင့် နယ်မြေချင်းထိစပ်နေသည့် မိုင်ပေါင်း (၃၃၁)ရှည်လျားသည့် ဟိမဝန္တာတောင်တန်းဒေသ ဥတ္တရာခန် နှင့် ဟိမာချယ်ပရာဒေ့ရှ်ပြည်နယ် နယ်စပ်တစ်လျှောက်တွင် အနောက်ဘက်နယ်စပ်မှ စစ်သည်အင်အား ၁၀၀၀၀ ကို ပြောင်းရွှေ့နေရာချထားသည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြသည်။

“ တရုတ်နိုင်ငံဟာ နယ်စပ်ဒေသ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ဖို့ အိန္ဒိယနဲ့ ပူးပေါင်း လက်တွဲလုပ်ကိုင်နေပါတယ်။ အခု အိန္ဒိယရဲ့ လုပ်ဆောင်ချက်ဟာ ငြိမ်းချမ်းရေးကို မကာကွယ်နိုင်သလို တင်းမာမှုလျှော့ချရေးကိုလည်း ထိခိုက်စေပါတယ်” ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောကြားခဲ့သည်။

“ နယ်စပ်တစ်လျှောက် တပ်အင်အား တိုးချဲ့ချထားတာဟာ အေးချမ်းတည်ငြိမ်မှုကို အထောက်အကူ မပြုသလို နယ်စပ်ဒေသငြိမ်းချမ်းရေးကိုလည်း အထောက်အကူမပြုပါဘူး” ဟု မော်နင်းက ဆက်လက်ပြောကြားခဲ့သည်။

အိန္ဒိယ နှင့် တရုတ်သည် ကီလိုမီတာ ၃၈၀၀ နယ်မြေချင်းထိစပ်နေပြီး ၂၀၂၀ နှစ်လယ်ပိုင်းက ဖြစ်ပွါးခဲ့သော နယ်စပ်ပဋိပက္ခကြောင့် အိန္ဒိယစစ်သား ၂၀ ဦး နှင့် တရုတ်စစ်သား ၄ဦး သေဆုံးခဲ့ရဖူးသည်။ NN-27/  ref: bdnews

ဆက်စပ် သတင်းများ