သောကြာ၊ မေလ ၃ရက်၊ ၂၀၂၄

ပစိဖိတ်ဒေသတွင် တရုတ်က ရေတပ်အင်အားကြီးနိုင်ငံဖြစ်လာနိုင်သည်ဟု သုံးသပ်


  • ရေးသူ: Web Master (NN 27)
  • | ရက်စွဲ: ၁၃ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 871

တရုတ်နိုင်ငံသည် ပစိဖိတ်ဒေသတွင် ရေတပ်အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာနိုင်သည်ဟု ဂျာမန်သတင်းဌာန DW က သုံးသပ်ဖော်ပြလိုက်သည်။

တရုတ်နိုင်ငံသည် ၄င်း၏ ရေတပ်ကို ခေတ်မီအောင်ကြိုးစားလျှက်ရှိပြီး အနာဂတ်တွင် နျူးကလီးယားအင်အားသုံး လေယာဉ်တင်သင်္ဘောကြီး နှစ်စီး တည်ဆောက်ရန် စီစဉ်နေသည်ဟု သိရသည်။

ထိုင်ဝမ်ရေလက်ကြားတွင်စစ်ရေးပဋိပက္ခတစ်ခု ဖြစ်လာမည်ကို စိုးရိမ်နေကြရပြီး တရုတ်က ထိုင်ဝမ်ကျွန်းအား ပြန်လည်ရယူရန် ကြိုးစားလျှက်ရှိသည်။

မကြာမီက ကျင်းပပြီးစီးသွားသော တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက်အစည်းအဝေးတွင် ဝန်ကြီးချုပ် လီကျင်းက ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေး အခိုင်အမာဆုံးဖြတ်ထားပြီးဖြစ်ကြောင်း ထပ်လောင်းအတည်ပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် လက်ရှိအချိန်အထိ ထိုင်ဝမ်ကို ၄င်း၏ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ထားပြီး ပြန်လည်ရယူရန် ကြိုးစားလျှက်ရှိသည်။

ထိုင်ဝမ်ပြန်လည်ပေါင်းစည်းရေးမှာ တရုတ်အစိုးရ၏ မဟာဗျူဟာအစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်ဟု လီကျင်းက ပြောသည်။

တရုတ်နိုင်ငံ၏ လုံခြုံရေးကို အဓိကခြိမ်းခြောက်နေသည်မှာ ထိုင်ဝမ်အရေးဖြစ်ပြီး အမေရိကန်သည် ထိုင်ဝမ်လုံခြုံရေးကို အာမခံချက်ပေးထားသည်။

လက်ရှိအချိန်တွင် အမေရိကန်သည် ပစိဖိတ်ဒေသတွင် လေယာဉ်တင်သင်္ဘော ငါးစီး ဖြန့်ကျက်ထားသည်။

တရုတ်နိုင်ငံရေးသမားများသည် “ ကမ်းရိုးတန်းနှစ်ခုလုံး ငြိမ်းချမ်းရေး နှင့် လုံခြုံရေး” ဟု မကြာခဏ သုံးနှုန်းနေပြီး ယင်းမှာ ထိုင်ဝမ်ရေလက်ကြားတစ်ခုတည်းကိုသာ မဟုတ်ဘဲ ပစိဖိတ်ဒေသတစ်ခုလုံးကို ဟု ရည်ညွှန်းသည်ဟု အဓိပ္ပါယ်ရသည်။

ပစိဖိတ်ဒေသတစ်ခုလုံး အင်အားဖြန့်ကျက်နိုင်ရန် တရုတ်သည် ခေတ်မမီတော့သည့် ၄င်း၏ ရေတပ်ကို အင်အားချဲ့ထွင်ရန် လိုအပ်လာသည်။

တရုတ်နိုင်ငံက ပိုင်ဆိုင်သည်ဟု ကြေညာထားသော တောင်တရုတ်ပင်လယ်၏ အစွန်ဆုံးအပိုင်းသည် ပင်လျှင် ကီလိုမီတာ ၂၀၀၀ ခန့် ဝေးကွာသည်။

ပစိဖိတ်ဒေသတစ်ခုလုံးကို အင်အားဖြန့်ကျက်နိုင်ရန် တရုတ်သည် လေယာဉ်တင်သင်္ဘောများ ထပ်မံအားဖြည့်ရန်လိုအပ်လျှက်ရှိသည်။ လက်ရှိအချိန်အထိ တရုတ်တွင် တာဝန်ထမ်းဆောင်နေဆဲ လေယာဉ်တင်သင်္ဘော နှစ်စီးသာရှိသည်။

လျောင်နင်း ဟုအမည်ပေးထားသည့် လေယာဉ်တင်သင်္ဘောမှာ ဆိုဗီယက်ခေတ်က တည်ဆောက်ခဲ့သော သင်္ဘောဟောင်းဖြစ်သည်။

ထိုသင်္ဘောကို မကာအို စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးမှတစ်ဆင့် ၁၉၉၈ ခုနှစ်တွင် ယူကရိန်းနိုင်ငံမှ ဝယ်ယူခဲ့ပြီး လေယာဉ်တင်သင်္ဘောအဖြစ် ပြုပြင်အသုံးပြုခဲ့ခြင်းဖြစ်သည်။

ရှန်ဒေါင်း အမည်ရှိ အခြားတစ်စီးမှာ လျောင်နင်းလေယာဉ်တင်သင်္ဘောဒီဇိုင်းကို အခြေခံကာ ကိုယ်ပိုင်တည်ဆောက်ခြင်းဖြစ်ပြီး ၂၀၁၉ တွင် စတင်အသုံးပြုခဲ့သည်။

တရုတ်လေယာဉ်တင်သင်္ဘောနှစ်စီးစလုံးမှာ သမားရိုးကျ လောင်စာဆီသုံးအင်ဂျင် အင်အား အသုံးပြုထားသလို လေယာဉ်ဆင်းတက်မှုပုံစံမှာ စကိတ်လျှေညဆင်းပုံမျိုးဖြစ်နေသည်။

ဖူကျန်း အမည်ရှိ တတိယမြောက် လေယာဉ်တင်သင်္ဘောကို ၂၀၂၂ ခုနှစ်က စတင်တည်ဆောက်နေပြီး ယခုချိန်ထိ ရှန်ဟိုင်းသင်္ဘောကျင်းတွင် လွန်းတင်ထားဆဲဖြစ်ကာ ၂၀၂၅ တွင် စတင်တာဝန်ထမ်းဆောင်မည်ဟု သိရသည်။

စတုတ္ထမြောက် လေယာဉ်တင်သင်္ဘောတစ်စီး တည်ဆောက်နေသည်ဆိုသော ကောလဟလနှင့် ပတ်သက်၍ တရုတ်လွှတ်တော်အစည်းအဝေးအပြီးတွင် တရုတ်ရေတပ်ဗိုလ်ချုပ် ယုအန်ဟွာကျီ က ဟုတ်မှန်ကြောင်း အတည်ပြုခဲ့သည်ဟု ဆိုသည်။

နျူးကလီးယားပါဝါသုံး လေယာဉ်တင်သင်္ဘော တည်ဆောက်ရေးနှင့် ပတ်သက်၍ မေးမြန်းခဲ့ရာ ရေတပ်ဗိုလ်ချုပ်က မကြာမီ ကြေညာပါလိမ့်မည်ဟု ဖြေကြားခဲ့သည်။

ထိုင်ဝမ် နှင့် ဟောင်ကောင်သတင်းမီဒီယာများ၏ အဆိုအရ တရုတ်သည် နျူးကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောနှစ်စီး တည်ဆောက်ရန် ပြင်ဆင်နေသည်ဟု ဆိုသည်။

တရုတ်ရေတပ်ဗိုလ်ချုပ် ယုအန်က “ ကျွန်တော်တို့ လေယာဉ်တင်သင်္ဘောတွေ တည်ဆောက်နေတာ အမေရိကန်နဲ့ ယှဉ်ပြိုင်ဖို့မဟုတ်သလို အမေရိကန်နဲ့ စစ်တိုက်ဖို့လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေတည်တံ့မှုကို ကာကွယ်ဖို့အတွက်သာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။  NN-27/ ref:Dhaka tribune

 

ဆက်စပ် သတင်းများ