တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

မိုခါဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး မိုးလေဝသစောင့်ကြည့်လေ့လာသူ ဦးဝင်းနိုင်နဲ့ ဆက်သွယ်မေးမြန်းချက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1.5k


နိရဉ္စရာ (အင်တာဗျူး)မေ ၁၂၊ ၂၀၂၃


 မေး ဆရာ ဦးဝင်းနိုင် မင်္ဂလာပါခင်ဗျာ။

 ဖြေ - ဟုတ်ကဲ့ မင်္ဂလာပါ။

 

 မေး အခုမိုခါမုန်တိုင်းက အနီရောင်အဆင့်ဖြစ်နေပြီဆိုတော့ အခုဆိုရင် ကုန်းတွင်းပိုင်းရောက်ဖို့ဘယ်လောက်အကွာအဝေးကိုရောက်နေပါပြီလဲဗျ။ ဒီမုန်တိုင်းက စစ်တွေမြို့ကို တိုက်ရိုက်ဝင်မယ်လို့သိထားရပါတယ်။ နောက်ဆုံးအခြေအနေလေး သိပါရစေခင်ဗျာ။

 ဖြေ - မုန်တိုင်းက ဒီနေ့မနက် နောက်ဆုံးရတဲ့အခြေအနေမှာ ၁၄ ရက်နေ့ ညနေနဲ့ ညပိုင်းမှာ စစ်တွေမြို့ရဲ့အထက်ဖက် အရင်ခန့်မှန်းထားတဲ့နေရာထက် မိုင် ၃၀လောက် အပေါ်ဘက်ကိုတက်သွားတယ်။  စစ်တွေနဲ့မောင်တောကြား ကျောက်ပန်းတူနဲ့ အင်းဒင်ကြားကနေ ကုန်းတွင်းကိုဖြတ်မယ်လို့ တွေ့ရပါတယ်။ ရွာနာမည်တွေကတော့ အသံထွက်မှန်လား၊ မမှန်လားတော့ မသိဘူးဗျ။ ဒီနေ့မနက်ရတဲ့အချက်အလက်တွေအရ ထူးခြားတဲ့ အချက်ရှိပါတယ်။  မုန်တိုင်းတွေက ကမ်းခြေနားနီးလာရင် ရုတ်တရက်အားကောင်းလာတတ်ပြီး ကုန်းတွင်းကိုဖြတ်ကျော်တတ်တယ်လို့ ခန့်မှန်းချက်ထွက်လာပါတယ်။ မေလ ၁၃ရက် ညနေ ၆နာရီခွဲလောက်မှာစစ်တွေမြို့ရဲ့ အနောက်တောင်ဖက် မိုင် ၂၈၀ လောက်ကိုရောက်တဲ့အခါ လေတိုက်နှုန်းက တစ်နာရီ မိုင်၁၂၀နှုန်းနဲ့ မြင့်တက်လာမယ်လို့ ကြိုတင်ခန့်မှန်းချက်အရသိတယ်။ မေလ ၁၄ရက်နေ့ မနက် ၆နာရီခွဲမှာတော့စစ်တွေမြို့ရဲ့ အနောက်တောင်ဖက် မိုင် ၁၄၀ လောက်မှာ မုန်တိုင်းဗဟိုလေတိုက်နှုန်းက ၁၃၈ မိုင် နှုန်းအထိတက်လာတယ်ဆိုပြီး ကြိုတင် ခန့်မှန်းချက်တွေ့ရပါတယ်။  မုန်တိုင်းလမ်းကြောင်းကတော့ သိသိသာသာမပြောင်းဘူး။ အိန္ဒိယမိုးလေဝသ၊ ဥရောပ ခန့်မှန်းရေးဌာနတွေရဲ့ ခန့်မှန်းချက်တွေအရ နောက်ဆုံးရတာကတော့ စစ်တွေနဲ့ မောင်တောကြားကပဲဖြတ်မယ်လို့ တွေ့ရတယ်။ မုန်တိုင်းအရွယ် အစားကြီးတယ်၊ မုန်တိုင်းရဲ့ပြင်းအားကလည်း ပြင်းတယ်၊ အနောက်ဖက်ကမ်းရိုးတန်းတစ်ခုလုံး ထိခိုက် ပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်။

 

မေး ဧရာဝတီမြစ်ဝကျွန်းပေါ်ကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းလောက် ဖျက်အားပြင်းထန်မယ်လို့ ပြောလို့ရနိုင်မလားဗျ။

 ဖြေ - နာဂစ်မုန်တိုင်းနဲ့ မိုခါမုန်တိုင်းနှစ်ခုရဲ့အခြေအနေကို နှိုင်းယှဉ်ပြီးပြောပြပါမယ်။ နာဂစ်မုန်တိုင်းက ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနဲ့အရှေ့တောင်ပိုင်းကနေ စပြီးတော့လေဖိအားနည်း ရပ်ဝန်း ဖြစ်တယ်။ အခုမိုခါကလည်း အဲဒီနေရာကပဲ လေဖိအားနည်းရပ်ဝန်း စတင်ဖြစ်တယ်။  မုန်တိုင်းဆက်ဖြစ်တယ်၊ မြောက်ဖက်ကိုရွှေ့တယ်။ မုန်တိုင်း နှစ်လုံးစလုံးလမ်းကြောင်း အတူတူပဲရွှေ့တယ်။  နာဂစ်တုန်းကတော့ မော်တင်စွန်းနဲ့မိုင် ၂၀၀ ကျော်လောက်ရောက်တဲ့အချိန်မှာ အရှေ့ဖက်ကိုချိုးတယ်။ ဟိုင်းကြီးကျွန်းနားကနေ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို လုံးဝဖြတ်ပြီးတော့ ရန်ကုန်ကိုလည်းဝင်တယ်။  ကယားပြည်နယ် အတွင်းရောက်မှအားပျော့ပျက်ပြယ်သွားတယ်။ အခု မိုခါက ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း ရောက်တဲ့အခါကျတော့ အရှေ့မြောက်ဖက်ကိုပဲ ရွှေ့မယ်။ စစ်တွေမြို့အနီးကနေ ကုန်းတွင်းကိုဝင်မယ်လို့ ခန့်မှန်းတော့ ကွဲလွဲချက်ဖြစ်သွားတယ်။  နာဂစ်မုန်တိုင်းဝင်ခဲ့တဲ့ မြစ်ဝကျွန်းပေါ်ဒေသက လွင်ပြင်တွေ ချည်းဖြစ်တယ်။  မြစ်၊ချောင်းတွေ ပေါတယ်။  မုန်တိုင်းအစာအဖြစ် ရေပေါတယ်။ အပူပြင်းတာကိုလည်း မုန်တိုင်းက ကြိုက်တယ်။အပူနဲ့ ရေနဲ့ရှိရင် အားကောင်းတယ်။ အခု မိုခါဝင်မယ့် စစ်တွေမြို့အနီးနားမှာ မြစ်၊ ချောင်းတွေပေါတယ်။ အပူချိန်ကလည်း ၃၁ ဒီဂရီလောက်ရှိတယ်။ မိုခါမုန်တိုင်း ကမ်းရိုးတန်းဝင်သွားပြီးရင် ရခိုင်ရိုးမ တောင်တန်းတွေ ချင်းတောင်တန်းတွေရှိတယ်။  ဒီတောင်တန်းတွေကိုကျော်ပြီးမှ ကုန်းတွင်း ကိုဝင်ရမှာဖြစ်လို့ အားပျော့သွားနိုင်ပါတယ်။ နာဂစ်တုန်းကတော့ ကုန်းတွင်းဝင်ရောက်မှုမှာ လွင်ပြင်တွေ ဖြတ်ကျော်ရလို့ ကုန်းတွင်းပိုင်းတလျှောက်လုံး ဖျက်အားပြင်းနဲ့သွားတယ်။ အသေအပျောက်တွေများတယ်။ အခုမိုခါကတော့ တောင် တန်းတွေဖြတ်ရတဲ့အတွက် ကုန်းတွင်းပိုင်းမှာ တောက်လျှောက်ဖြတ် အားပြင်းတာမျိုးတော့ မဖြစ်နိုင်ဘူး။ စစ်တွေအနီးအနားနဲ့ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းဒေသကတော့ မုန်တိုင်း ဗဟိုကိုဖြတ်မယ့်ဒေသဖြစ်တော့အားပိုပြင်းမယ်။ အဖြတ်စွမ်းအားပိုကြီးမယ်။  မုန်တိုင်းအရွယ် အစားက စုစုပေါင်း မိုင် ၅၀၀ လောက်ရှိတယ်။  မုန်တိုင်းအတွင်းဖြတ်အားပြင်းတဲ့အရွယ်အစားက မိုင် ၃၀၀ ကျော်လောက်ရှိတယ်။  အနောက်ဖက်ကမ်းရိုးတန်းတစ်ခုလုံး အန္တရာယ်ကြီးတယ်။ ဖျက်အားပြင်းတယ်။ မုန်တိုင်းဗဟိုနဲ့နီးလေ လေတိုက်နှုန်းပြင်းလေပါပဲ။

 

 မေး ရခိုင်ပြည်နယ်ထဲက စစ်တွေမြို့အပါအဝင် ဘယ်မြို့နယ်တွေကို ဝင်ရောက်တိုက်ခတ်နိုင်မလဲ။

 ဖြေ - ရခိုင်ပြည်နယ်ထဲက စစ်တွေအပါအဝင် ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ မြေပုံ၊ ပုဏ္ဏား ကျွန်း၊တောင်ကုတ်၊ ဂွ၊ သံတွဲ စတဲ့ဒေသတွေက မုန်တိုင်းဗဟိုနဲ့နီးတဲ့ မိုင် ၃၀၀ ဝန်းကျင်ထဲကဒေသတွေ ဖြစ်လို့အန္တရာယ်ပိုပြီးတော့ကြီးတယ်။ ဂွ မြို့ရဲ့အောက်ပိုင်း ရခိုင်ကမ်းရိုးတန်းအဆုံးက ဧရာဝတီတိုင်းရဲ့ အနောက်ဖက် အပန်းဖြေကမ်းခြေတွေကတော့ သက်သာမယ်။ အဲဒီနေရာတွေကတော့ တစ်နာရီ မိုင် ၆၀ လောက်ရှိနိုင်မယ်။ ဒီနေ့မနက်ခန့်မှန်းချက်အရ မုန်တိုင်းဒီလှိုင်းက ၄ပေကနေ ၇ပေအထိရှိနိုင်မယ်။  လေတိုက်နှုန်းက တစ်နာရီ ၁၃၈ မိုင်အထိ တိုက်နိုင်တယ်၊ ဒီလေထုအဖျက်စွမ်းအားက ထုနဲ့ထည်နဲ့ ကြီးမယ်။ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း မုန်တိုင်းဗဟိုဖြတ်ပြီးရင် ရခိုင်ရိုးမ၊ ချင်းတောင်တန်းတွေ ဖြတ်ပြီးရင် ကချင်ပြည်နယ်အစပ် ကသာမြို့လောက်အရောက်မှာတော့ ကုန်းတွင်း လေဖိအားနည်း အနေနဲ့ အားပျော့သွားမယ်။  ဧရာဝတီတိုင်းထဲက ပုသိမ်၊ မြောင်းမြ၊ ဟင်္သာတ စတဲ့မြို့နယ်တွေက အဖျားခတ်နိုင်တယ်။  ပဲခူးတိုင်းအနောက်ခြမ်း ပြည်၊နေပြည်တော်၊ ပျဉ်းမနား နေပြည်တော် ဒေသတွေ မုန်တိုင်းအဖျားခတ်နိုင်တယ်၊ မုန်တိုင်းအတွင်းပိုင်း ခံရနိုင်တဲ့ဒေသက မကွေးတိုင်း မန္တလေးတိုင်း စစ်ကိုင်းတိုင်း ချင်းပြည်နယ် ကချင်ပြည်နယ်တောင်ပိုင်း တွေကတော့ မုန်တိုင်းဗဟိုပြင်းအား အရှိန်သက်ရောက်နိုင်ပါတယ်။

 

 မေး မိုခါမုန်တိုင်းနောက်ဆက်တွဲအနေနဲ့ ရေကြီးရေလျှံတာတွေ၊ မြေပြိုတာတွေ ဖြစ်လာနိုင်ပါလားဆရာ။  ဖြစ်လာမယ်ဆိုရင် ဘယ်ဒေသတွေမှာ ဖြစ်နိုင်မလဲဆရာ။

 ဖြေ - ဒီမုန်တိုင်းက ရခိုင်ရိုးမနဲ့ ချင်းတောင်တန်းတွေကိုကျော်သွားပြီးရင် မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းနဲ့ချင်းပြည်နယ်တွေမှာ လေတိုက်နှုန်း ၄၀၊ ၅၀ လောက်နဲ့အတူ မိုးကလည်း များပါလိမ့်မယ်။  တစ်ချို့နေရာတွေဆိုရင် ခန့်မှန်းချက်အရ မိုးရေချိန် ၇ လက်မကနေ ၁၀လက်မအထိ ရှိနိုင်ပါလိမ့်မယ်။  ချင်းပြည်နယ်ထဲမှာဆိုရင် ပလက်ဝမြို့နယ်ဘက်တွေအထိ ရေကြီးရေလျှံတာတွေ ဖြစ်နိုင်တယ်။ ဟားခါးတို့ဖလမ်းတို့နေရာတွေဆိုရင် မြေပြိုတာတွေ တောင်ပြိုနိုင်တာတွေ ရှိလာနိုင်မယ်။  မကွေး၊ မန္တလေး၊ စစ်ကိုင်းတိုင်းတွေမှာတော့ အဓိက တောင်ကျချောင်းရေတွေကျလို့ ရေကြီးရေလျှံတာတွေ၊ ရေကြီးတာကြာလို့ ကျန်းမာရေးဆိုင်ရာနောက်ဆက်တွဲ အန္တရာယ်တွေ ကြုံတွေ့နိုင်ပါတယ်။

 

 မေး အနီရောင်အဆင့်သတ်မှတ်ထားတဲ့ မိုခါမုန်တိုင်းက ဆရာပြောပုံအရဆိုရင် စစ်တွေအပါအဝင်ရခိုင် ပြည်နယ်မြောက်ပိုင်းဒေသတွေကို ဝင်ရောက်တိုက်ခတ်မယ်ဆိုတော့ အဲဒီဒေသက ဒေသခံပြည်သူတွေကို ဆရာ့အနေနဲ့ ဒီအချိန်ကာလမျိုးမှာ ဘယ်လိုသတိပေးချင်ပါလဲဗျ။

 ဖြေ - မနက်ဖြန် ၁၃ရက်နေ့မှာ မိုခါမုန်တိုင်းက အဆင့်မြင့်ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာတော့မယ်။  အတွင်းပိုင်းကိုရွှေ့တဲ့ ရွှေ့လျားနှုန်းက မြန်ဆန်လာမယ်။ ရုတ်တရက်အားကောင်းလာနိုင်မယ်။  မေ ၁၃ရက် နေ့လယ်မတိုင်ခင် မုန်တိုင်းတိုက်ရိုက်တိုက်နိုင်မယ့် စစ်တွေ၊ ကျောက်ဖြူ ရခိုင်ကမ်းရိုးတန်းတောက်လျှောက်က ရွာတွေမြို့တွေက ပြည်သူတွေ မနက်ဖြန် ၁၃ရက် နေ့လယ်မတိုင်မီ ရွှေ့စေချင်တယ်။  မုန်တိုင်းဒီရေက၇ပေအထိ မြင့်တက်နိုင်ပေမယ့် ဒီထက်မကလည်း မြင့်တက်လာနိုင်တယ်။ ၇ပေ ရှိတဲ့ ရေထုထည်ကြီးကလေတိုက်နှုန်း မိုင်၁၃၀လောက်နဲ့ ကုန်းပေါ်ကို ရိုက်ခတ်မယ်ဆိုရင် အန္တရာယ်ကို မျက်စိထဲမြင်ကြည့်ကြပါ။ အဆောက်အဦကို ယုံကြည်ပြီး ခိုလှုံမယ်ဆိုရင် ခိုင်ခံ့မှုအပေါ်မူတည်ပြီး အပျက်အစီး တွေဖြစ်လာနိုင်ပါတယ်။ အဲဒါတွေ နောက်ဆုံး သတိပေးချင်ပါတယ်ခင်ဗျာ။ မေ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီ နောက်ဆုံးထားပြီး ပြောင်းကြရွှေ့ကြဖို့ ပြောချင်ပါတယ်။ ဒီမုန်တိုင်းသည် အရွယ်အစားကြီးတယ်။ အဖျက်စွမ်းအားကြီးတယ်။ နာဂစ် မုန်တိုင်းထက် မလျော့ဘူး ပိုပြင်းဖို့ပဲရှိတယ်။  ကမ်းခြေကိုဝင်နိုင်မယ့် ရေထုထည်နဲ့ရိုက်ခတ်နိုင်တဲ့အား ပြင်းတယ်။ မနက်ဖြန်နေ့လယ်မတိုင်ခင် မဖြစ်မနေပြောင်းရွှေ့ကြပါ လို့ တိုက်တွန်းချင်ပါတယ် ခင်ဗျာ။   

 

_________________NN-24________နိရဉ္စရာသတင်းဌာန_________________________

ဆက်စပ် သတင်းများ