ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

တို့ဆေးသုံးငွေလိမ်ဂိုဏ်း ရှမ်းပြည်တွင်ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.4k

နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၂ (မြန်မာရေးရာ)
တို့ဆေးသုံးပြီး လူထုကိုလိုက်လံငွေလိမ်နေသည့်ဂိုဏ်းတစ်ခုကို ရှမ်းပြည် တန်ယန်းမြို့တွင် ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။
၎င်းဖမ်းမိသည့် ဂိုဏ်းတွင် အမျိုးသားနှင့် အမျိုးသမီး (၁၇) ဦးပါဝင်ပြီး ဇွန်လ (၂၄) ရက်က ဒေသခံလူထုနှင့် ဒေသအာဏာပိုင်များက ဝိုင်းဝန်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု Popular News တွင် သတင်းဖော်ပြသည်။
အဆိုပါ အဖွဲ့သည် ရပ်ကွက်များအတွင်း လှည့်လည်ကာ ဖုန်းအဟောင်းများ ၊ ငွေစက္ကူ အဟောင်းများ ဝယ်ယူသည့် ပုံဖြင့်သော်လည်းကောင်း၊ ထီလက်မှတ်များ လိုက်လံရောင်းချသည့် ပုံစံမျိုး အသုံးချကာ ဒေသခံ တိုင်းရင်းသားများထံ လိမ်လည်မှု ကျူးလွန်ကြခြင်းဖြစ်ကြောင်း ဒေသခံ သတင်း ရင်းမြစ်များကို ကိုးကားပြီး သတင်းတွင် ဖော်ပြသည်။
ဒေသခံ လူငယ်တစ်ဦးက တို့ဆေးသမားများမှာ မြို့ကြီးများတွင် လုပ်စား မချောင်တော့သဖြင့် နယ်ဘက်များကို ဆင်းပြီး လိုက်လိမ် နေကြကြောင်း၊ အရင်က ကြားဖူးနားဝသာရှိသော်လည်း ယခု အမှန်မိပြီဖြစ်ကြောင်း ပြောဆိုသည်။
လက်ရှိတွင် ၎င်းအဖမ်းခံရသု အဆိုပါ အမျိုးသားနှင့် အမျိုးသမီး (၁၇) ဦးပါ အဖွဲ့ကို သက်ဆိုင်ရာသို့ အပ်နှံကာ ဥပဒေကြောင်းအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ရှမ်းပြည်မြောက်ပိုင်း လားရှိူးမြို့နယ်နှင့် သီပေါမြို့ နယ်များတွင်လည်း အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ဖူးပြီး အဆိုပါ အုပ်စုဖွဲ့ လိမ်လည်သည့် ဂိုဏ်းများအား အမြစ်ပြတ်ဖမ်းဆီးနိုင်ခြင်း မရှိပါက အခြားဒေသများမှ ပြည်သူများလည်း လိမ်လည်ခံရမည်ကြောင်း သတင်းတွင် ဖော်ပြသည်။
ရခိုင်ပြည်နယ်တွင်လည်း ကျေးရွာများထိဆင်းကာ ဖုန်းအဟောင်းများ ၊ ငွေစက္ကူအဟောင်းများဝယ်ယူသည့် ပုံစံဖြင့်သော်လည်းကောင်း ၊ ထီလက်မှတ်များ လိုက်လံရောင်းချသည့် ပုံစံမျိုးဖြင့်လည်းကောင်း ငွေလိမ်လည်မှုများ ရှိနေကြောင်း သတင်းရရှိသည်။
(ဓာတ်ပုံ- Popular News)

ဆက်စပ် သတင်းများ