ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

ကရင်နှင့် ရှမ်းမြောက်တွင် တိုက်ပွဲများပြင်းထန်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဒီဇင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 2.7k

နိရဉ္စရာ၊ ဒီဇင်ဘာ ၁၆

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်နှင့် ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တို့တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သတင်းရရှိသည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီးတွင် ယနေ့ ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက စစ်ကောင်စီတပ် တော်လှန်ရေး တပ်ပေါင်းစုတွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လေယာဉ်နှင့် လာရောက် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲမှာ ယနေ့ နံနက်ပိုင်းကစပြီး မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်က စစ်ကောင်စီ၏ တံတားကျိုးစစ်ဆေးရေးဂိတ်နှင့် ဆိပ်ဖူးကုန်းကျေးရွာဘက်တွင်  စစ်ကောင်စီတပ်နှင့်  တော်လှန်ရေးတပ်ပေါင်းစုများ အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲမှာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အနီးရှိ၊ တံတားကျိုးကျေးရွာတွင်  ယနေ့ ဒီဇင်ဘာလ ၁၆ ရက် နံနက်(၅) နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)  တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊  မြဝတီ-ကော့ကရိတ် လမ်းပိုင်း တစ်လျှောက်ယာဉ်များပိတ်ဆို့နေကြောင်း ယာဉ်မောင်းတစ်ဦးကို ကိုးကားပြီး  ကရင်သတင်းစဉ် (KIC) သတင်း၌ ဖော်ပြထားသည်။

မြဝတီ−ကော့ကရိတ်အာရှလမ်း၊ သင်္ဃန်းညီနောင်အဝင်ဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကားလမ်း အတက် အဆင်းများအားလုံးကို ပိတ်ဆို့ထားသလို တိုက်ပွဲဖြစ်ပွားနေသည့် တံတားဦးကျေးရွာ ကားလမ်း တစ်လျှောက်နှင့် ၉ တိုင်လမ်းအထိ ကုန်ကားများ၊ ခရီးသည်တင်ကားများ အစီးရေ (၂၀၀)ကျော်ခန့် ပိတ်ဆို့ လျက်ရှိနေကြောင်း ယာဉ်မောင်းတစ်ဦးက ပြောဆိုသည်။

အလားတူ ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက် နံနက် ၈ နာရီကျော်တွင် မိုးမိတ်မြို့မှ မိုးကုတ်ဘက်သွားသည့် လမ်းကြောင်းဘက်ရှိ ဝမ်လွယ်ဆာကျေးရွာ အနီးတွင်  စစ်ကောင်စီနှင့် PDF တပ်ဖွဲ့အကြား  ထိတွေ့ တိုက်ပွဲဖြစ်ပွားခြင်း ဖြစ်ကြောင်း သျှမ်းသံတော်ဆင့်တွင် သတင်းဖော်ပြထားသည်။

စစ်ကောင်စီဘက်က လက်နက်ကြီး နဲ့ လှမ်းပစ်ခဲ့လို့ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ အဲ့အနီးမှာ ရှိတဲ့ PDF တွေက ပြန်ပစ်လိုက်တဲ့ အခါကျတော့ တိုက်ပွဲကြမ်းသွားတယ်၊ တိုက်ပွဲက ၁၀ နာရီထိ ဖြစ်တယ်ဟု မိုးမိတ်မြို့မှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသားတစ်ဦးကို ကိုးကားပြီး  သျှမ်းသံတော်ဆင့်တွင် သတင်းဖော်ပြထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင်လည်း စစ်ကောင်စီတပ် ခလရ ၂၇၆ နှင့် ခမရ ၃၄၈ တို့သည် အဆိုပါ လွယ်မောက်တောင်ကြောအနီးတစ်ဝိုက်သို့ စစ်အင်အား အများပြားဖြင့် နေရာယူ ဝပ်ထားနေကြောင်းလည်း သိရသည်။

(ဓာတ်ပုံစာ- ပိတ်မိနေသည့် ကားများ ကရင်ပြည်နယ်ကော့ကရိတ်)

ဆက်စပ် သတင်းများ