ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

CNF ဌာနချုပ်ကို ဒုတိယအကြိမ် စစ်ကောင်စီမှလေကြောင်းကနေဗုံးကြဲတိုက်ခိုက်မှုထပ်မံပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.1k

နိရဥ္စရာ၊ ဇန်နဝါရီ ၁၁ /၂၀၂၃

 

ချင်းအမျိုးသားတပ်ဦး (CNF) Camp Victoria ဌာနချုပ်ကို ဒီကနေ့ ညနေ ၄ နာရီခန့်တွင်  စစ်ကောင်စီက ဒုတိယအကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကို ထပ်မံပြုလုပ်ခဲ့သည်ဟု ဒေသအတွင်း သတင်းအရင်းအမြစ်များထံမှ သိရှိရသည်။

" ညနေ ၄ နာရီလောက်ကဗျ၊  လေကြောင်းရှိလို့ သာ သူတို့ လာကြဲရဲတာ၊ မြေပြင်ချင်းလာခဲ့ကြည့် ဖင်မနိုင်ပဲ ပတ်ပြေးနေရမယ်။ တော်တော်တော့ တရားလွန်းသွားပြီ"ဟု ဒေသတွင်း သတင်းအရင်း အမြစ်က နိရဉ္စရာသတင်းဌာန၏ မေးမြန်းမှုကို ပြန်ဖြေကြားစဉ် ထိုသို့ ပြောကြားသွားခဲ့သည်။

ယနေ့ဖြစ်စဥ်နှင့် ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုအား လောလောဆယ်အတည်ပြုပြောဆိုနိုင်မှု မရရှိသေးဟု ၎င်းက ဆိုသည်

ယမန်နေ့ (ဇန်နဝါရီလ ၁၀ ရက်နေ့) ညနေကလည်း CNF ဌာနချုပ်ကို စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်း CNF ကပြောသည်။

အဆိုပါ CNF ရဲဘော်များသေဆုံးခဲ့မှုကြောင့် ယနေ့ ဟားခါးမြို့တွင် ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် စျေးဆိုင်ခန်းများ အားလုံး ပိတ်ထားခဲ့ကြောင်း သိရှိရသည်။

CNF  ဌာနချုပ်ကို ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ကောင်စီဘက်က ပြောဆိုထားသည့် ၂၀၂၃ ခုနှစ် တစ်နှစ်တာကာလ အပစ်အခတ်ရပ်စဲထားသည်ဟုထုတ်ပြန်ထားချက်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ၎င်းထုတ်ပြန်ချက်မှာ အလိမ်ညာသက်သက်သာဖြစ်ကြောင်း ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ( ICNCC)မှ ယမန်နေ့က ထုတ်ပြန်ထားသည်။

CNF သည် ၂၀၁၂ ခုနှစ်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင် လက်မှတ်ရေးထားခဲ့ပြီး စစ်တပ်အာဏာသိမ်းချိန်မှ စတင်ကာ အမျိုးသားညီညွတ်ရေး အစိုးရ NUG နှင့် မဟာမိတ်အဖြစ် ရပ်တည်ခဲ့သည့် အဖွဲ့ ဖြစ်သည်။

ဓါတ်ပုံ - ဒေသတွင်းသတင်းဌာနများမှ ဖော်ပြထားသည့် ယနေ့ CNF ဌာနချုပ် ထပ်မံပြီး စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကြဲခံရမှု

ဆက်စပ် သတင်းများ