ကြာသပတေး၊ စက်တင်ဘာလ ၁၉ရက်၊ ၂၀၂၄

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ထန်တလန်မြို့ ရဲစခန်း CNA- CDF တို့ တိုက်ခိုက်သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 10.1k

နိရဉ္စရာ၊ ဖေဖော်ဝါရီ ၉/ ၂၀၂၃

 

စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ချင်းပြည်နယ်၊ ထန်တလန်မြို့က ရဲစခန်းကို CNA- CDF တို့က ယမန့်နေ့ (ဖေဖော်ဝါရီ ၈ ရက်) ညက ိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သတင်းရရှိသည်။

 

အဆိုပါ စခန်းကို ၁၀ နာရီခန့်တွင် စတင်တိုက်ခိုက်ပြီး ဖေဖော်ဝါရီလ ၉ ရက်နေ့ မနက် ၁ နာရီ အချိန်၌ အပြီးတိုင် သိမ်းပိုက်ခဲ့ကြောင်း CNA- CDF တပ်ပေါင်းစုများထံမှ သိရှိရသည်။

 

သိမ်းပိုက်နိုင်ခဲ့သည့် ရဲစခန်းမှ လက်နက်ပေါင်း (၄၀) နှင့် စစ်အသုံးအဆောင်များ၊ ဒရုန်းပစ် လက်နက်၊ လက်ပစ်ဗုံး အစရှိသည် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိသည်ဟုဆိုသည်။

 

 CNA ရဲဘော်တစ်ဦးကျဆုံးခဲ့ ကြောင်း သိရှိရသည်။

 

ကျနော်တို့ တပ်ပေါင်းစု ဝင်တိုက်ခဲ့တာဗျ။ ည ၁၀ နာရီလောက်ကဗျ၊ လက်နက်တွေရခဲ့တယ်။ ရဲဘော် ရဲဘက်တစ်ယောက် ကျဆုံးခဲ့တယ်ဗျာဟု CNA ကရဲဘော်တစ်ဦးက ပြောသည်။

 

စခန်းသိမ်းပိုက်ခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ လေတပ်များမှ လေယာဉ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်မှုများ ၃ ကြိမ်ထက်မနည်းလာရောက်ပြုလုပ်ခဲ့ကြောင်းကိုလည်း ဒေသခံများ ပြောပြချက်အရ သိရှိရသည်။

 

စစ်ကောင်စီက လေယာဉ်နဲ့ လာဗုံးကြဲပြီး သူ့လူတွေကို အကူညီလာပေးတာ၊ ဒီမှာက စခန်းတစ်ခုလုံး သိမ်းထားလိုက်ပြီလေ။ သူတို့ ဗုံးကြဲတာက  ရမ်းသန်းပစ်တာဆိုတော့ ပြည်သူတွေကိုလည်း  စိုးရိမ်နေရ တယ်ဟု ထန်တလန်ဒေသခံ တစ်ဦးက ပြောသည်။

 

ထန်ထလန်မြို့ကို စစ်အုပ်ချုပ်ရေး ကျင့်သုံးဒေသအဖြစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ က စစ်ကောင်စီ၏ ထုတ်ပြန်သည့် မြို့နယ် ၃၇ မြို့နယ်ထဲ၌ ပါဝင်သည့် မြို့တစ်မြို့ဖြစ်သည်။

 

၎င်းမြို့ပေါ်ရှိ CB ဘဏ်တွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကိုလည်း ဇန်နဝါရီ ၃၁ ရက်နေ့က CNA- CDF တပ်ပေါင်းစုများ တိုက်ခိုက်ရှင်းလင်းခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးနှင့် လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိခဲ့သေးသည်။

 

ချင်းပြည်နယ်ထဲထွင် စစ်ကောင်စီ၏ ၂၀၂၃ ခုနှစ် အတွင်း ပထမဆုံး လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှု အနေဖြင့် ချင်းအမျိုးသားတပ်ဦး ဌာနချုပ် တည်ရှိရာ ဝီတိုရိယ စခန်းကို ဇန်နဝါရီ ၁၀ ရက်၊ ၁၁ ရက် နေ့များတွင် ပြုလုပ်ခဲ့ပြီး ချင်းအမျိုးသားတပ်ဦး CNF မှ ရဲဘော် ၅ ဦး ကျဆုံးခဲ့ကြောင်း သိရှိရသည်။

 

လက်ရှိတွင် စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး သတ်မှတ်ကြေညာထားသည့် မြို့နယ် ၃၇ မြို့ထဲတွင် တော်လှန်ရေး အင်အားစုများက တိုက်ခိုက်ရေး အရှိန်မြင့်လုပ်ဆောင်နေသည်ဟု သိရှိရသည်။ (NN – 25)

 

ပုံစာ - ထန်တလန် ရဲစခန်းမှ သိမ်းပိုက်ရရှိသည့် လက်နက်ခဲယမ်းများနှင့် ကျဆုံး CNA ရဲဘော်တစ်ဦး

ဆက်စပ် သတင်းများ