(ရခိုင်တွင် ၂၀၂၂ ဩဂုတ်မှ နိုဝင်ဘာလအတွင်း ဖြစ်ပွားသော တိုက်ပွဲများကြောင့် အရပ်သား(၄၂) ဦး သေဆုံးခဲ့)
နိရဉ္စရာ၊ မတ် ၄/ ၂၀၂၂
လက်နက်ကိုင်ပဋိပက္ခနှင့်တိုက်ပွဲများပိုမိုပြင်းထန်လာမှုကြောင့် မြန်မာနိုင်ငံတွင် လူပေါင်း(၁ ဒဿမ ၅) သန်း နေရပ်စွန့်ခွါထွက်ပြေးနေရပြီး အရပ်သားအိုးအိမ်
စုစုပေါင်း (၃၄၃၈၀) မီးရှို့
ဖျက်ဆီးခံခဲ့ရသည်ဟု မကြာမီက ထုတ်ပြန်လိုက်သည့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ချုပ် (
IFRC) ၏ အရေးပေါ်အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီး (၂)နှစ်တာကာလအတွင်း လက်နက်ကိုင် တိုက်ပွဲများ၊
လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ၊ စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဒေသအသီးသီးမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များ အကြား လက်နက်ကြီးများ၊ အမြောက်ကျည်များဖြင့်အပြန်အလှန်ပစ်ခတ်မှု
စသည်တို့ကြောင့် နိုင်ငံရေးနှင့် အရပ်ဘက် မတည်မငြိမ်မှု တစ်နေ့တခြား ပိုမိုဆိုးရွာလာနေကြောင်း ဖော်ပြထားသည်။
ပိတ်ဆို့နေသော လမ်းပန်းဆက်သွယ်ရေး အခြေအနေ၊ ငွေကြေးတန်ဖိုးကျဆင်းမှု၊ လောင်စာဆီဈေးနှုန်းနှင့် သယ်ယူ ပို့ဆောင်ရေး စရိတ်တို့ကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်ကြီးထွားလာခြင်းတို့နှင့် အတူ စီးပွားရေး အခြေအနေမှာလည်း ယိုယွင်းလျက်ရှိသည်။
လက်ရှိ နိုင်ငံရေးအကျပ်အတည်းနှင့် ယခင် ရှိနှင့်ပြီးကိုဗစ်-၁၉ ကပ်ရောဂါဘေးကြောင့် နိုင်ငံလူဦးရေ၏ထက်ဝက်မှာ ဆင်းရဲစွာ နေထိုင်နေရသည်ဟု
အစီရင်ခံစာတွင် ဖော်ပြထားသည်။
လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များ ရှိနေသော်လည်း လူအများ
ရွှေ့ပြောင်း သွားလာမှုတွင် အတားအဆီးများ ရှိခြင်း၊ စနစ်တကျ လမ်းများကို ပိတ်ဆို့ထားခြင်း၊
လျှပ်စစ်မီး နှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခြင်း အောက်ခြေတွင် စစ်ဆေးမေးမြန်းမှုများထူပြောနေခြင်းတို့ကြောင့်
လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များ ပေးပို့ရန်
အခက်အခဲများလည်း ရင်ဆိုင်နေရသည်။
ထို့အပြင် အသစ်ထုတ်ပြန်လိုက်သည့် အသင်းအဖွဲ့များ မှတ်ပုံတင်ဥပဒေသစ်ကြောင့် နိုင်ငံတကာ NGO များ၊ပြည်တွင်း NGOများနှင့် အရပ်ဘက်အဖွဲ့အစည်းများ (CSOs) အကူအညီပေးရေး လုပ်ဆောင်ရာတွင်အခက်အခဲ အကန့်အသတ်များ ရှိလာခဲ့သည်။ACAPS2 ၏ တွေ့ရှိချက်အရ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် အကူအညီပေးရေး အခက်ခဲဆုံး လေးနိုင်ငံထဲတွင် ပါဝင်နေသည်ဟု ဆိုသည်။
နိုင်ငံတစ်ဝန်းလုံးရှိ ပြည်နယ်များနှင့် ဒေသအသီးသီးတွင် ယခုချိန်ထိ ဖြစ်ပေါ်နေသော လက်နက်ကိုင်ပဋိပက္ခများ၊ တိုက်ပွဲများကြောင့် လူပေါင်း (၁ ဒဿမ ၂)သန်း မိမိတို့၏နေအိမ်များကို စွန့်ခွါ ထွက်ပြေး ခဲ့ကြရသည်။
၂၀၂၂ နှစ် ဒီဇင်ဘာလ(၂၆)ရက်နေ့အထိ စာရင်းများအရ စစ်တပ်၏ နှိမ်နင်းမှုကြောင့် လူပေါင်း (၁ဒဿမ၅) သန်း နေရပ်စွန့်ခွါထွက်ပြေးခဲ့ပြီး နိုင်ငံအနှံ့ နေရာအသီးသီးတွင် ဖြစ်သလို ကြုံသလို နေထိုင် နေကြရသည်ဟု ဆိုသည်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ စ၍ နေအိမ်များ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊စာသင်ကျောင်းများ အပါအဝင် အရပ်ဖက် အဆောက်အဦးစုစုပေါင်း (၃၄၃၈၀) မီးရှို့ ဖျက်ဆီးခြင်း ခံခဲ့ရသည်။
အများဆုံး နေရပ်စွန့်ခွါထွက်ပြေးရသည့်ဒေသမှာ နိုင်ငံ၏ အနောက်မြောက်ဒေသ ဖြစ်သည်။ စုစုပေါင်း
နေရပ်စွန့်ခွါသူ (၇၉၅၆၀၀) ရှိသည့်အနက် ချင်းပြည်နယ်တွင် (၄၇၂၀၀)၊ မကွေးတွင် (၁၂၄၄၀၀)၊ စစ်ကိုင်းတွင် (၆၂၄၀၀၀) ရှိသည်။
ချင်း၊ မကွေးနှင့် စစ်ကိုင်းဒေသများတွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စကစတပ်များ အကြား လေကြောင်းတိုက်ခိုက်မှု၊ မော်တာဖြင့် ပစ်ခတ်မှု၊ ခြုံခိုတိုက်ခိုက်မှုများကြောင့် လမ်းများပိတ်ဆို့နေပြီး ကယ်ဆယ်ရေးနှင့် လူသားချင်းဆိုင်ရာ အကူအညီပေးရေး လုပ်ဆောင်ရန် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟုဆိုသည်။
နိုင်ငံ၏ အရှေ့တောင်ဘက်တွင်လည်း စစ်တပ်နှင့် KNDF, KNU, PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ရှမ်းပြည်တောင်ပိုင်း၊ ကယား၊ ကရင်၊ မွန်၊ ပဲခူးအရှေ့ပိုင်းနှင့်တနင်္သာရီ ဒေသများတွင်လည်း
တောက်လျှောက် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ၂၆ရက်နေ့ အထိစာရင်းများအရ အရှေ့တောင်ပိုင်းဒေသ
မြို့နယ် အသီးသီးတွင် နေရပ်စွန့်ခွါ ထွက်ပြေးနေရသူပေါင်း (၃၃၉၀၀၀) ရှိသည်ဟု ဆိုသည်။
မြောက်ဘက် ကချင်ပြည်နယ်တွင် KIA နှင့် စစ်တပ်ကြားဖြစ်ပွားသော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာသူ ဖားကန့်တစ်မြို့နယ်တွင် လူပေါင်း (၃၀၀၀)ရှိသည်။
ရခိုင်ပြည်နယ်တွင်လည်း ၂၀၂၂ ဩဂုတ်လ(၁၉)ရက်အထိ နေရပ်စွန်ခွါ ထွက်ပြေးရသူပေါင်း
( ၉၀၅၀၀) ရှိသည်ဟုဆိုသည်။
စစ်ကောင်စီတပ်နှင့် ရက္ခိုင်တပ်တော် (AA) တို့အကြား အပစ်အခတ်ရပ်စဲရန် သဘောတူထားသော်လည်း ၂၀၂၂ ဩဂုတ်မှ နိုဝင်ဘာလအတွင်း ဖြစ်ပွားသော
တိုက်ပွဲများကြောင့် အရပ်သား(၄၂) ဦးသေဆုံးခဲ့သည်ဟု သိရသည်။