တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

၃ ရက်အတွင်း ကချင်တွင် စစ်ကောင်စီ၏ တပ်ရင်းနှစ်ခုကို KIAနှင့် ပူးပေါင်းတပ်ဖွဲများ သိမ်းပိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 217

လူထက်နိုင်(ဒွာရာမြီ)/ နိရဥ္စရာ ၊ မတ် ၂၆ / ၂၀၂၄

ကချင်ပြည်နယ်တွင် စစ်ကောင်စီတပ်ရင်း ၂ ခုဖြစ်ကြသည့် ခမရ (၃၈၇) ဗျူဟာတပ်ရင်းနှင့် ခလရ (၁၂၁) တပ်ရင်းတို့ကို  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက မတ် ၂၄ နှင့် ၂၆ ရက် (၃) ရက်အတွင်း  ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ကြောင်း KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူမှ ပြောသည်။

ကချင်ပြည်နယ် မိုးမောက်မြို့နယ်၊ မြို့သစ်၊ ကုန်းလောကျေးရွာရှိ ခမရ  (၃၈၇)  ဗျူဟာတပ်ရင်းစခန်းကို မတ်လ ၂၆ ကလည်းကောင်း၊ မံစီမြို့နယ် မိုင်းခေါင်ရွာသစ်အနီး တပ်စွဲထားတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ (၁၂၁) ကို မတ်လ ၂၄ ရက်နံနက်ပိုင်းကလည်းကောင်း သိမ်းပိုက်ခဲ့သည်။

နောက်ထပ် တပ်ရင်းတစ်ခုဖြစ်သည့် ခမရ (၃၂၀)တပ်ရင်းအား ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း ‌ဒေသတွင်း သတင်းများအရသိရသည်။

မတ်လ ၂၅ ရက်နေ့မှစတင်ကာ ခမရ (၃၈၇)နှင့် ခမရ ၃၂၀ တပ်ရင်းတို့အား KIA ဦးဆောင်သော တော်လှန်ရေးတပ်များမှ စတင်တိုက်ခိုက် ထိုးစစ်ဆင်နေခြင်းဖြစ်ပြီး လက်ရှိတွင် ခမရ (၃၈၇) ကို သိမ်းပိုက် ရရှိထားပြီဖြစ်သည်။

ဗိုလ်မှူးကြီးနော်ဘူက  “ ဖြစ်နိုင်ချေကတော့ သူတို့ကတော့ စစ်အင်အားတွေစုသွားတဲ့အခြေအနေ ဖြစ်နိုင်ခြေများပါတယ်။ သူတို့ကြောက်ပြီးတော့ထွက်ပြေးသွားတာလည်း ဖြစ်နိုင်တယ်။ သူတို့အားနည်းလို့ အင်အားတွေ ကိုပြန်စုပြီးတော့မှ ဗျူဟာတစ်ခုပြန်သုံးဖို့ စုနေတာလားပေါ့။ ကျွန်တော်တို့ တွက်ဆနေပါတယ်။ ကျွန်တော်ပြောချင်တာကတော့ သူတို့လည်း အင်အားနည်းတဲ့ စခန်းတွေကိုတော့ ဖြုတ်ပြီးမှ အင်အားကြီးတဲ့စခန်းဖက်ကို ပေါင်းသွားတဲ့ပုံစံမျိုးပါ”ဟု နိရဉ္စရာသို့ ပြောသည်။


ကချင်ပြည်နယ် မံစီမြို့နယ်၊ မံစီမြို့နယ်တွင်းမှ စစ်ကောင်စီ တပ်စခန်း များဖြစ်သည့် နမ့်လင်းပါ၊ လွယ်ခမ်းနှင့် မိုင်းခေါင်ကျေးရွာများမှ စခန်း (၃) ခုအားလည်း စစ်ကောင်စီတပ်မှ စွန့်ခွာသွားကြောင်း  ‌ဒေသတွင်းသတင်းများတွင်ဖော်ပြထားကြသည်။

“ လောလောဆယ် စခန်းတွေ၊ မိုင်းဖွန်ဖက်က စခန်းတွေသူတို့ဘာသာ သူတို့ဆုတ်သွား တာတွေရှိ ပါတယ်။တခြားကာကင်း လေးတွေဆုတ်တာလည်း ကြားပါတယ်။ဒါပေမယ့် ဘယ်လောက်ထိ အရေးပါတဲ့စခန်းတွေလည်းတော့မသိရပါဘူး။ မြစ်ကြီးနား-ဗန်းမော်ကားလမ်း တကြောမှာကတော့ အားလုံးပေါင်း သိမ်းတာ စခန်း ၃၀ ကတော့ကျော်ပြီ ခင်ဗျ”ဟု ဟု ဗိုလ်မှူးကြီးနော်ဘူမှပြောသည်။

လက်ရှိစစ်ကောင်စီသည် အဓိက လေကြောင်းတိုက်ခိုက်မှုအား အသုံးပြုနေပြီး တိုက်ပွဲမရှိပဲ ပြည်သူ လူထုနေထိုင်သည့်ကျေးရွာများအား လေကြောင်းတိုက်ခိုက်နေသည်မှာ လုပ်ထုံးလုပ်နည်း ပုံစံဖြစ်နေကြောင်း သူကဆိုသည်။

“ သူတို့ပြီးဆုံးသွားခါနီးပြီလားတော့ ကျွန်တော်တော့မပြောတတ်ဘူးပေါ့နော်။ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေကတော့ ရန်သူကိုတော့ အထင်သေးလို့မရဘူး။ အဲ့ဒါကြောင့်လုပ်သင့် လုပ်ထိုက်တာတွေကတော့ ကျွန်တော်တို့က ပြင်ဆင်ထားရမှာဖြစ်ပါတယ်။စစ်အင်အားတွေက အစ စစ်ဗျူဟာကအစပေါ့နော် အဲ့ဒါကြောင့် တော်လှန်ရေးအဖွဲ့တွေက ပြင်ဆင်သင့် တာပြင်ဆင်ထားဖို့ လိုတယ်လို့ ပြောချင်ပါတယ်”  ဟု ဗိုလ်မှူးကြီးနော်ဘူမှ ပြောသည်။

မံစီမြို့နယ်တွင် KIA နှင့် ပူးပေါင်းတပ်ဖွဲ့များ စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေခဲ့ရာ ၃ လဝန်းကျင် အတောအတွင်း စီခမ်းကြီး၊ မဂျီဂုံ၊ ပလောင်ဒင်ဆာ၊ ကိုင်ထိပ် အစရှိသောဗျူဟာကျသည့် စခန်းကုန်းများအပါအဝင် ရဲစခန်းနှင့် ကာကင်းစခန်း များအား သိမ်းပိုက်ပိုက်ထား နိုင်ခဲ့ကြောင်းသိရသည်။

ကချင်ပြည်နယ်အတွင်း မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းနှင့် လိုင်ဇာအနီးက စစ်ကောင်စီ တပ်စခန်းများအား KIA နှင့် AA အပါအဝင် ပူးပေါင်းတပ်ဖွဲ့များမှ မတ်လ ၇ ရက်နေ့တွင် ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စခန်းအများစုကိုသိမ်းပိုက်ရရှိထားကြောင်းသိရသည်။ ဓာတ်ပုံ-KNG

ဆက်စပ် သတင်းများ