အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

ခလရ−၂၇၅ တပ်စခန်းမှထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြဝတီတံတားအမှတ် (၂) ဘက်တွင် ပုန်းရှောင်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဧပြီ ၂၀၂၄
  • | ကြည့်ရှုသူ: 211

 ( မြဝတီမြို့တွင်း၌ KNLA၊ KNA၊ DKBA နှင့် PDF တပ်များ ဘက်တံဆိပ်ပေါင်းစုံဖြင့် ကင်းလှည့်နေပြီး ၎င်းတို့ထဲတွင် အမျိုးသမီးစစ်သည်များ ပါဝင် )

လူထက်နိုင်(ဒွာရာမြီ)

နိရဉ္စရာ၊ ဧပြီ ၁၁ / ၂၀၂၄

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (K.N.D.O)၊  နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ (PDF)တို့က မြဝတီမြို့တွင် နောက်ဆုံး ကျန်ရှိသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် ခလရ−၂၇၅ တပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မြဝတီတံတားအမှတ် (၂) တွင် သွားရောက် ပုန်းရှောင်လျှက်ရှိကြောင်းကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ဧပြီ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

မြဝတီတံတားအမှတ် (၂) တွင် သွားရောက်ပုန်းရှောင်သော အာဏာသိမ်းအကြမ်း ဖက်စစ်ကောင်စီတပ် များသည် ထိုင်းနိုင်ငံသို့ သွားရောက်ခိုလှုံရန်စီစဉ်လျှက်ရှိသော်လည်း ယခုအချိန်ထိ သွားရောက် နိုင်ခြင်းမရှိသေးဘဲ ပိတ်မိနေလျှက်ရှိပြီး စစ်ကောင်စီတပ်များက ပြည်သူလူထုအား ရမ်းသန်း ပစ်ခတ်မှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ပြည်သူလူထုအနေဖြင့် ထိုနေရာအနီးတစ်ဝိုက်သို့ သွားရောက်ခြင်း မပြုလုပ်ရန် အသိပေးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

မြဝတီမြို့ရှိ တပ်စခန်းများအားလုံး လက်လွှတ်ဆုံးရှုံးလိုက်ရသော အာဏာသိမ်းအကြမ်း ဖက်စစ်ကောင် စီတပ်များအနေဖြင့် အရပ်သားပြည်သူလူထု နေထိုင်ရာနေရာဒေသများ အတွင်းသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ အချိန်မရွေး ပြုလုပ်လာနိုင်သည့် အတွက် ပြည်သူလူထုများအနေဖြင့် သတိဖြင့် ဘေးကင်းလုံခြုံရာ နေရာများတွင် နေထိုင်ကြရန်လည်း KNU က အသိပေးထားသည်။

စစ်ကောင်စီနောက်ဆုံး စခန်းဖြစ်သည့် ၂၇၅ တပ် ကျဆုံးသွားပြီးနောက် ဧပြီ ၁၁ ရက် မွန်လွဲပိုင်းတွင် မြ၀တီမြို့ပေါ်၌ KNLA၊ KNA၊ DKBA နှင့် PDF တပ်များ ကင်းလှည့်နေပြီး ဘက်တံဆိပ်ပေါင်းစုံဖြင့် ကင်းလှည့်နေသည့် အဖွဲ့များထဲတွင် မိန်းကလေး စစ်သည်များပါဝင်ကြောင်း ထိုင်း The Reporters သတင်းဌာနတွင် ဖော်ပြထားသည်။

ထိုင်းလေတပ်မှူး ဖန်ဖက်ဒီဖက်တန်ခွန်က မြ၀တီမြို့တော်လှန်ရေးတပ်ဖွဲ့များ လက်အောက် ကျရောက်သွားပြီးနောက် စစ်ကောင်စီ၏ လေယာဉ်များ လာရောက်တိုက်ခိုက်စဉ် ထိုင်းလေပိုင်နက်ထဲ ကျူးကျော်လာပါက တားဆီးတိုက်ခိုက်သွားရန် ၅ မိနစ်အတွင်း အသင့်အနေအထားပြင်ဆင်ထားကြောင်း ထိုင်းသတင်းများတွင်ပြောဆိုထားသည်ကို တွေ့ရသည်။ 

ဓာတ်ပုံ- KNU

ဆက်စပ် သတင်းများ