သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မင်းပြားမြို့နယ်၊ ပန်းမြောင်းအရှေ့ဘက်တောင်တန်းတွင် တိုက်ပွဲဖြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ အောက်တိုဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2.7k

စိုးဇံအောင်

နိရဥ္စရာ၊အောက်တိုဘာ ၁ဝ/၂ဝ၁၉

ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ပန်းမြောင်းကျေးရွာအရှေ့ဘက်ရှိ တောင်တန်းတွင် ယနေ့နံနက်က တပ်မတော်နှင့် ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့နံနက် ၉ နာရီလောက်က ပန်းမြောင်းကျေးရွာ အရှေ့ဘက် တောင်ဖြူတောင်ဘက်မှ ခေါင်းလောင်း ချောင်းတောင်ကုန်းဘက်သို့ လက်နက်ကြီးနှင့် ပစ်ခတ်သံများ မကြာခဏ  ကြားနေရကြောင်း ထိန်ပင်အုပ်စု အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ပြောသည်။

“ပန်းမြောင်းကျေးရွာရဲ့ အရှေ့ဘက် တောင်ဖြူတောင်ကနေပြီးတော့ ဟိုး ခေါင်းလောင်းချောင်းတောင်ကုန်း တန်းဘက်ကို လက်နက်ကြီးနဲ့ ပစ်နေတာ။၉ နာရီခွဲကတည်းက ပစ်နေတာ။ခုချိန်ထိ ပစ်နေတုန်းပဲ။ခုထိ အသံတွေ ကြားနေရတယ်။နှစ်ဘက်တိုက်ပွဲ ဖြစ်တာလားတော့ ကျွန်တော်တို့လည်း မသိဘူး”ဟု ထိန်ပင် အုပ်ချုပ်ရေးမှူး ဦးညိုမောင်သိန်းက ယနေ့ နံနက် ၁၁ နာရီက ပြောကြားသည်။

ယင်းလက်နက်ကြီးဖြင့် လှမ်းပစ်ခတ်သည့် ပန်းမြောင်းအရှေ့ဘက်တောင်တန်းတွင် မြန်မာ့တပ်မတော်မှ တပ်စွဲထားကြောင်း ၄င်းက ဆက်ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဆက်သွယ်မေးမြန်းရာ ပန်းမြောင်းအရှေ့ဘက်တွင် တိုက်ပွဲဖြစ်နေသည်မှာ မှန်ကန်ကြောင်း ပြောသည်။

“ပန်းမြောင်းရွာ အရှေ့ဘက်လောက်မှာတော့ တိုက်ပွဲဖြစ်နေတာရှိတယ်။၉ နာရီလောက်ကနေဖြစ်တာ။ ပစ်လိုက်၊နားလိုက် ဖြစ်နေတာ။တစ်ဆက်တစ်စပ်တည်း ဖြစ်နေတာမဟုတ်ဘူး”ဟု နိရဥ္စရာသို့ပြောသည်။

ထိုကိစ္စနှင့်ပတ်သတ်ပြီး နှစ်ဘက်သဘောထားကို တင်ပြနိုင်ရန် ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့် ရှိသူ ခိုင်သုခအား နိရဥ္စရာက ဆက်သွယ်သွယ်သော်လည်း အဆက်အသွယ် မရရှိသေးပါ။

ဆက်စပ် သတင်းများ