သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

မြေပုံမြို့နယ် ကမ်းထောင်းကြီး- ညောင်ကန်ရွာအနီးဝန်းကျင် ရဟတ်ယာဉ်နှစ်စီးဖြင့် တိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ နိုဝင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 1.4k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ နိုဝင်ဘာ ၂၂/ ၂ဝ၁၉

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့အနီးရှိ ညောင်ကန်ကျေးရွာအနီး တစ်ဝိုက်ကို တပ်မတော်မှ ရဟတ်ယာဉ် နှစ်စီးဖြင့် တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ တိုက်ခိုက်တာကို အတည်ပြုနိုင်တယ်။ ညောင်ကန်ရွာက တစ်ယောက်နဲ့ စညင်းရွာက တစ်ယောက်ရယ်ဖုန်းဆက်တယ်။ သူတို့ရွာနဲ့ အနီး တစ်ဝိုက်ကို ဗုံးကြဲတယ်လို့ ပြောတယ်။ ကျွန်တော်က သူတို့ကို ရွာတွေကို ဗုံးဆံတွေကျသလားလို့ ဆက်မေးတော့ ရဟတ်ယာဉ်တွေလာနေတယ်ဆိုပြီး ဖုန်းပြန်ချသွားတယ်။ လောလောဆယ်တော့ ဒီလောက်ဘဲ သတင်းရသေးတယ်” ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကမ်းထောင်းကြီးမြို့သို့ ဆက်သွယ်ရာ ဒေသခံ မြို့လူကြီး တစ်ဦးက “ ညောင်ကန်ရွာ ပတ်ဝန်းကျင်ကို ချပစ်ခဲ့တယ်။ ပတ်ပြီးတော့ ဗုံးတွေ ချပစ်ခဲ့တယ်လို့ ကြားတယ်။ အထိအခိုက် ရှိ မရှိဆိုတာကိုတော့ သတင်းမရသေးဘူး။ ကမ်းထောင်းကြီးမှာတော့ ဆိုင်တွေအကုန်လုံး ပိတ်ထားကြရတယ်။ ဒီမှာတော့ ဘာမှ ဖြစ်တာ မရှိပါဘူး” ဟု ပြောကြားသည်။

ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်ဖြင့် ပစ်ခတ်ပြီး ဗုံလည်းချကြောင်း၊ စတင်ပစ်ခတ်သည့် အချိန်မှာ နေ့လယ် ၁၂ နာရီ ၁၅ မိနစ်က ဖြစ်ပြီး ၁၅ မိနစ်ကြာမြှင့်ကြောင်း၊ ညောင်ကန်အနီးရှိ ကောင်းယောင်တောင်တန်း အနီးဝန်းကျင်ကို ဖြစ်ကြောင်း နောက်ဒေသခံ တစ်ဦးကလည်း ပြောကြားသည်။

ညောင်ကန်ကျေးရွာသို့ ဆက်သွယ်ရာ အမျိုးသမီးတစ်ဦးက တောင်မော်ဖျားရှိတဲတစ်လုံး ထိခိုက်ပျက်စီးပြီး လယ်ကွင်းထဲတွင်လည်း တစ်လုံးနှစ်လုံးကျကြောင်း၊ ရွာသားများ တစ်စုံတစ်ရာ အထိအခိုက်မရှိကြောင်း၊ ရဟတ်ယာဉ်ဖြင့် တိုက်ခိုက်သဖြင့် ရွာသားများ အထူးစိုးရိမ်နေကြောင်း၊ မည်သည့်အတွက် တိုက်ခိုက်သည်ကို တိတိကျကျ မသိကြောင်း ပြောကြားသည်။

ယခု တိုက်ခိုက်သော နေရာသည် ကမ်းထောင်းကြီးမြို့နှင် တစ်မိုင်ခွဲခန့်သာသာ ဝေးပြီး အမ်းမြို့နှင့်လည်း နီးကြောင်းသိရသည်။

------------------------------------

Unicode:


နိရဉ်စရာ၊ နိုဝငျဘာ ၂၂/ ၂ဝ၁၉







ဆက်စပ် သတင်းများ