သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကျောက်ဖြူဆေးရုံတွင် ကိုဗစ်အတည်ပြုလူနာတစ်ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၉/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပြည်သူ့ဆေးရုံကြီးတွင် ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ အတည်ပြုလူနာတစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ TB ရောဂါအခံရှိသည့် အသက် ၂၃ နှစ်အရွယ် အမျိုးသားဖြစ်ပြီး ၄င်းမှာ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်က သေဆုံးသွားခြင်းဖြစ်ကြောင်း ကျောက်ဖြူဆေးရုံကြီးမှ ဒေါက်တာ ရဲလွင်မောင်က ပြောသည်။

“သူ မဆုံးခင်ကတော့ အသက်ရှုတွေ ကျပ်လာတာပေါ့နော်။ သူက ကြိုပြီးတော့ ပြင်းပြင်းထန်ထန် ဝေဒနာ ခံစားနေရတာမျိုးတော့ မဟုတ်ဘူးပေါ့နော်။ ဒီနေ့မနက်ပဲ ရောဂါပြင်းလာလို့ ဒီနေ့မနက်ပဲ သူ့ကို အောက်ဆီဂျင် ပေးလိုက်တာပေါ့။ အဲဒီမှာ ဆုံးသွားတာပါ” ဟု နိရဥ္စရာသို့ ပြောသည်။

သေဆုံးသူ လူနာ၏ အမှတ်မှာ (၅၅၆၂၈) ဖြစ်ပြီး ၄င်းမှာ ကိုဗစ်-၁၉ ရောဂါဖြင့် နိုဝင်ဘာ ၃ ရက်နေ့က ကျောက်ဖြူဆေးရုံတွင် ဆေးကုသမှုခံယူနေခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာ ရဲလွင်မောင်က ပြောသည်။
ကျောက်ဖြူဆေးရုံတွင် ယနေ့ နံနက်ပိုင်းအထိ ကိုဗစ်အတည်ပြုလူနာ ၁ဝ ဦးကျန်ရှိနေသေးကာ ဆေးရုံ ဆင်းခွင့်ရရှိသူ ၃၄၁ ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကျောက်ဖြူဆေးရုံတွင် ကျန်ရှိနေသေးသည့် အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာများမှာ လက်ရှိအချိန်အထိ ကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်း ဒေါက်တာ ရဲလွင်မောင်က ဆက်ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ စုစုပေါင်း ၂၁ ဦးရှိနေပြီဖြစ်ကြောင်း ရခိုင်ပြည်နည် ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က လွန်ခဲ့သည့် ၂ ရက်က ပြောကြားထားသည်။

ယခု ကျောက်ဖြူတွင် ဆုံးသွားသည့် လူနာနှင့်ဆိုလျှင် ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါကြောင့် သေဆုံးသူ ၂၂ ဦးရှိသွားပြီဖြစ်သည်။

ဆက်စပ် သတင်းများ