သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာ မူဆလင်အမျိုးသားတစ်ဦးသေဆုံး၊ ၁၃ ရက်အတွင်း ကိုဗစ်ဖြင့်သေဆုံးသူ ၆ဦးရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.5k

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၁၄/ ၂ဝ၂ဝ

ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာ မူဆလင်အမျိုးသားတစ်ဦး မောင်တောမြို့ဆေးရုံကြီးတွင် ယမန့်နေ့ မွန်းတည့် ၁၂ နာရီခန့်က သေဆုံးခဲ့သဖြင့် ၁၃ ရက်အတွင်း ရခိုင်၌ ကိုဗစ်ဖြင့် သေဆုံးသူမှာ ၆ ဦးရှိခဲ့သည်။

သေဆုံးသူမှာ မောင်တောမြို့၊ ရပ်ကွက်(၅)မှ အသက် (၆၂)နှစ် ရှိသူ မူဆလင်အမျိုးသားတစ်ဦးဖြစ်ပြီး ရောဂါအခံရှိသူတစ်ဦးလည်းဖြစ်ကြောင်း မောင်တောခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနုကေသီဇံက နိရဥ္စရာသတင်းဌာနအား အတည်ပြုပြောကြားသည်။

ဒေါက်တာ နုကေသီဇံက “ ကိုဗစ်အတည်ပြုလူနာပါ။ နိုဝင်ဘာ ၉ ရက်နေ့က ဆေးရုံတက်ခဲ့တာပါ။ ဆီးချို၊ သွေးတိုး၊ အသည်းခြောက်ရောဂါအခံရှိပါတယ်။ မနေ့က နေ့လည် ၂ နာရီလောက်မှာ သင်္ဂြိုလ်ခဲ့ပါတယ်” ဟုပြောသည်။

ယခုလနိုဝင်ဘာလ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရခိုင်တွင် ကိုဗစ်-၁၉ ဖြင့် သေဆုံးသူ ၆ ဦးအထိရှိနေပြီ ဖြစ်သည်။

ယင်းတို့မှာ မောင်တောဆေးရုံမှ ၂ ဦး ၊ ကျောက်ဖြူဆေးရုံ မှ ၂ ဦး၊ မင်းပြား ဆေးရုံမှ ၁ ဦး၊ ပေါက်တောဆေးရုံ မှ  ၁ ဦးတို့ဖြစ်သည်။ ရခိုင်ပြည်နယ်တွင် ကိုဗစ်ဖြင့် သေဆုံးသူ စုစုပေါင်း၂၃ ဦးအထိရှိလာပြီဖြစ်သည်။

ရခိုင်ပြည်နယ် အတွင်း ကိုဗစ်ကူးစက်မှုနှုန်းကျဆင်းနေသော်လည်း နယ်မြို့များတွင် ပိုးတွေ့ လူနာ များပြားလာသည်ဟု သိရှိရသည်။  အောက်တိုဘာ ၁၃ ရက်နေ့ ညနေ ၄ နာရီ ၃ဝ မိနစ် ထုတ်ပြန်ချက်အရ ရခိုင်တွင် လူနာ ၃၅ ဦးတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ၎င်းတို့မှာ ရသေ့တောင်တွင် ၂၁ ဦး၊ ဘူးသီးတောင် ၅ ဦး၊ မောင်တော ၃ ဦး၊ အမ်း ၂ ဦး၊ ကျောက်ဖြူ ၂ ဦး၊ မာန်အောင် ၁ ဦးနှင့် မြောက်ဦး ၁ ဦးတို့ ဖြစ်ကြသည်ဟု Rakhine Covid-19 Watch တွင် သတင်းဖော်ပြထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီ ၃ဝ မိနစ်ထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်တွင် ၄၄ ဦးမှာ Positive ဖြစ်ပြီး ယင်းတို့မှာ မောင်တော ၁၃ ဦး၊ ရသေ့တောင်တွင် ၁ဝ ဦး၊ စစ်တွေ ၆ ဦး၊ သံတွဲ ၆ ဦး၊ ဘူသီးတောင် ၄ ဦး၊ ကျောက်ဖြူ ၂ ဦး၊ ကျောက်တော် ၂ ဦးနှင့် ပေါက်တော ၁ ဦးတို့ ဖြစ်ကြသည်။

ရခိုင်ပြည်နယ်ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်မှ စစ်တွေကို ကိုဗစ်ပိုးတွေ ရှိမှု ကျဆင်းလာသော်လည်း နယ်မြို့များတွင် ပိုးတွေ့ရှိမှုများ များလာနေသဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို လိုက်နာပြီး သတိဖြင့် ဆင်ခြင်သွားလာနေထိုင်ကြရန် လွန်ခဲ့သော တစ်ပတ်ခန့်က ပြောကြားထားသည်။

ဆက်စပ် သတင်းများ