သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကိုဗစ်ပိုးတွေ့ရှိသူများလာနေသော ရသေ့တောင်မြို့နယ်တွင် အင်တာနက်လိုင်းမရရှိ၍ ပြည်သူများအား ကျန်းမာရေးဆိုင်ရာဗဟုသုတများ မျှဝေရန်အခက်အခဲဖြစ်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.3k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၆ /၂ဝ၂ဝ

ကိုဗစ် ၁၉ ပိုးတွေ့လူနာ ၁ဝဝ ကျော်ရှိလာနေသော ရသေ့တောင်မြို့နယ်တွင် အင်တာနက်လိုင်း အပြည့်အဝ သုံးစွဲခွင့်မရရှိသဖြင့် ဒေသခံပြည်သူများအား ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုနှင့် လိုက်နာရမည့် စည်းကမ်းများ၊ သတင်းအချက်အလက်များကို အချိန်နှင့် တစ်ပြေးညီထုတ်ပြန်ရန် အခက်အခဲ ဖြစ်နေသည်ဟု သတင်းရရှိသည်။

ရသေ့တောင်မြို့နယ်မှ လူမှုရေးလုပ်ကိုင်ဆောင်ရွက်နေသူ ကိုဘက္ကာက “ ကျနော်တို့ ရသေ့တောင်မှာ ဆိုရင် စစ်ဘေးရှောင်တွေ အတွက်ရော၊ ပြည်သူတွေအတွက်ပါ အကုန်လုံးအတွက် စိုးရိမ်ရတဲ့ အခြေအနေ ရှိပါတယ်။  ပိုးတွေ့တဲ့သူတွေက တစ်ရက်ထက်တစ်ရက် သိသိသာသာ တိုးလာနေတယ်။ စစ်ဘေးရှောင် စခန်းတွေမှာ ဆိုလို့ရှိရင် လူထူထပ်တယ် အဲဒါကြောင့် သူတို့အတွက်ဆိုရင် ပိုပြီးတော့ စိုးရိမ်ရပါတယ်။ အင်တာနက် လိိုင်းက 2G အဆင့်သာရတဲ့အတွက် ပြည်သူတွေ အနေနဲ့ သတင်းအချက်အလက်တွေကို မရရှိကြဘူး။  လူတိုင်း လိုလိုမှာ ဖုန်းရှိကြပေမယ့် အင်တာနက်လိုင်း ပိတ်ထားတဲ့အတွက် ကျန်းမာရေးဗဟုသုတတွေ၊ နိုင်ငံရေး ဗဟုသုတတွေကို ကျနော်တို့ဘာမှ သိခွင့်မရဘူး” ဟုပြောသည်။

ရသေ့တောင်မြို့ပေါ်တွင် စစ်ဘေးရှောင်စခန်း ၂ဝ ကျော်ရှိပြီး စစ်ဘေးရှောင်ပြည်သူဦးရေ နှစ်သောင်းခန့် ရှိသဖြင့် အဆိုပါ စစ်ဘေးရှောင်စခန်းများသို့ ကိုဗစ်ကူးစက်သွားရန်လည်း အထူး စိုးရိမ် ကြောင့်ကြနေရကြောင်း ၎င်းက ပြောကြားသည်။ ယခုလ ၁၂ ရက်နေ့က ရသေ့တောင်တွင် ကိုဗစ်အတည်ပြုလူနာ ၁ဝ ဦး၊ ၁၃ ရက်နေ့က ၂၁ ဦးနှင့် ၁၄ ရက်နေ့က ၄ ဦးတွင် ထပ်မံပိုးတွေ့ခဲ့သည်။

ရသေ့တောင်မြို့နယ်တွင် ကိုဗစ်အတည်ပြုလူနာ ၁ဝ၃ ဦးထိရှိနေပြီး ထိုအထဲမှ ၃ဝ ခန့် ဆင်းသွားပြီ ဖြစ်သဖြင့် လက်ရှိ ၇၃ ကျန်ရှိနေသေးကြောင်း ရသေ့တောင် ဆေးရုံအုပ်ကြီး ဒေါက်တာ တင်မြင့်ဦးကပြောသည်။

 “ လူထုကိုတော့ အချိန်မီသတင်းအချက်လက်တွေကို သိပ်မပြောပြနိုင်ဘူး။ အင်တာနက်ရှိနေရင်တော့ ကျနော်တို့ ဖော့စ်ဘုတ်ပို့စ်တစ်ခုကနေပြီးတော့ အလွယ်တကူ သတင်း အချက်အလက်တွေကို ချပြနိုင်တာပေါ့။ အခုက ကိုယ့်မြို့မှာ ဘယ်နှစ်ယောက်ဖြစ်လို့ဖြစ်မှန်းမသိ။ ဘယ်နှစ်ယောက်ကူးစက်လို့ ကူးစက်မှန်းမသိ အဲလိုမျိုးအခက်အခဲတွေရှိတယ်။ အင်တာနက်ပိတ်ထားတဲ့ အကျိုးကျေးဇူးတွေပေါ့” ဟုပြောသည်။

သို့အတွက် ရသေ့တောင်မြို့ပေါ်တွင် ပြည်သူလူထု အား Awareness ရအောင်တော့ အသိပညာ ပေးမှုများ ပြုလုပ်ကြောင်း၊ ညနေပိုင်းတွင် အသံချဲ့စက်များဖြင့် ကြေညာပြီး ပြည်သူများလိုက်နာနိုင်အောင် ဆောင်ရွက်နေကြောင်း၊ နောက်ဆုံးရရှိသော သတင်းအချက်အလက်များကိုလည်း ကျေညာပေးကြောင်း၊ ရသေ့တောင်တွင် ဘယ်အတိုင်းအတာထိ ကိုဗစ်ကူးစက်နေပြီး လူနာ မည်မျှရှိသည်ကို သိရှိအောင် ဆောင်ရွက်ပေးနေကြောင်း၊ ရသေ့တောင်မြို့ပေါ်မှ လူစည်ကားသည့် စျေး၊ သင်္ဘောဆိပ်များတွင် စေတနာ့ဝန်ထမ်းများ၊ အစိုးရဌာနဆိုင်ရာများနှင့် အသိပေး လှုပ်ရှားမှုများကို ပြုလုပ်နေကြောင်း၊ Mask campaign များကိုလည်း မကြာမကြာပြုလုပ်ပေးနေကြောင်း၊ ပညာပေးတာတို့ အပါအဝင် စစ်ဘေးရှောင်စခန်းများတွင်လည်း အသိပညာပေးမှု၊ Mask campaign ကို မကြာခဏ ပြုလုပ်နေကြောင်း ဒေါက်တာ တင်မြင့််ဦးက ပြောကြားသည်။  

ရသေ့တောင်မြို့နယ် အပါအဝင် အင်တာနက်ပိတ်ဆို့ခံထားရသော ရခိုင်ပြည်နယ်မှ မြို့နယ် ၇ ခုနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့အား သြဂုတ်လ ၂ ရက်နေ့ ညနေအချိန်က 2G အဆင့်သာ ပြန်လည် ဖွင့်ပေးခဲ့သဖြင့်် အဆိုပါဒေသမှ ပြည်သူလူထုများမှာ အင်တာနက် သုံးစွဲရန် အဆင်မပြေဖြစ်နေကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်တွင် ယမန်နေ့  နိုဝင်ဘာ ၁၅ ရက် ညနေအထိ ကိုဗစ်အတည်ပြုလူနာစုစုပေါင်း (၃၂ဝ၅) ဦး၊ ဆေးရုံမှ ဆင်းခွင့်ရရှိသူဦးရေ (၂၉၂၈) ဦး၊ ကုသဆဲဦးရေ (၂၇၇) ဦး ရှိကြောင်း၊ သေဆုံးသူဦးရေ (၂၅) ဦးအထိ ရှိကြောင်း ရခိုင်ပြည်နယ် ကျန်းမာရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ စိုးဝင်းပိုင်က ပြောဆိုသည်။

(Photo by Dr Tin Myint Oo)

ဆက်စပ် သတင်းများ