သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

၆၆(ဃ)ဖြင့် အမှုဖွင့်ခံထားရသူ ရမ်းဗြဲလွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးအမှုလာရောက်ရင်ဆိုင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.6k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ နိုဝင်ဘာ ၁၆ / ၂ဝ၂ဝ

၂ဝ၁၈ ခုနှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းအား လူမှုကွန်ရက် facebook ပေါ်တွင် မှားယွင်းစွာဖော်ပြခဲ့မှုကြောင့် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးသည် ယနေ့ စစ်တွေမြို့နယ်တရားရုံးတွင် အမှုရင်ဆိုင်ရန်ရောက်ရှိလာကြောင်း သိရသည်။

အမှုဖွင့်ခံရပြီးနောက် (၂) ကျော်အကြာတွင် အမှုရင်ဆိုင်ရန် စစ်တွေမြို့နယ်တရားရုံးသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“အမှုက ရုံးမှာ ဒီနေ့မှာပဲ စတင်တာပါ။ အရင်ကတော့ ရဲစခန်းမှာပဲရှိတယ်။ ရုံးကိုမရောက်ဘူးလို့ပြောတယ်။ ဒီနေ့ကတော့ အမှုစတင်တာပါ။ ကိုယ်ကလည်းနေမကောင်းတာနဲ့ နောက်တစ်ခါ သွားရေးလာရေးတို့ အဆင် မပြေတာတို့ကြောင့် အခုမှပဲ အမှုရင်ဆိုင်ဖို့လာရတာဖြစ်တယ်” ဟု ဦးသန်းမောင်ဦးက နိရဥ္စရာသတင်းဌာနကို ပြောသည်။  

ရမ်းဗြဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းမောင်ဦးသည် ၂ဝ၁၈ ခုနှစ်က ရခိုင်ပြည်နယ် တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း ၂၁ ဒဿမ ၄၅ ရာခိုင်နှုန်းအစား ဒဿမ ၁၆ ကျော်ကျော်ဟု သူ၏ လူမှုကွန်ရက် facebook ပေါ်တွင် မှားယွင်းဖော်ပြခဲ့မိသဖြင့် ရခိုင်ပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက တရားလိုပြုလုပ်ကာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့် ခံခဲ့ရခြင်း ဖြစ်သည်ဟု ကာယကံရှင်က ပြောသည်။

“ အမှုကတော့ အေးအေးဆေးဆေး ကျမှာပဲလို့ ထင်ပါတယ်။ ကိုယ်ကလည်း ရိုးရိုးသားသားဆိုတော့ အဲလောက်လည်း ပြဿနာမရှိလောက်ဘူး။ သက်ဆိုင်ရာ တွေက အကုန်လုံး ဝိုင်းဝန်းကူညီဖြေရှင်းပေးတယ်။ ကျနော်က ဘယ်သူကိုမှလည်း နစ်နာအောင် မလုပ်ဘူး။ အစိုးရအဖွဲ့ကိုလည်း နစ်နာအောင်မလုပ်ဘူး။ ဒါကြောင့် ဒီအမှုက ပေါ့ပေါ့ပါးပါးနဲ့ပဲ ကျေအေး သွားလိမ့်မယ်လို့ ထင်ပါတယ်” ဟုပြောသည်။

ယခုရင်ဆိုင်နေသော အမှုကိစ္စအားရင်ဆိုင်ရန် ကြန့်ကြာနေခြင်းမှာ ကျန်မာရေးမကောင်းခြင်း၊ တိုက်ပွဲ တွေကြောင့် သွားရေလာရေး အဆင်မပြေခြင်းတို့ကြောင့် ကြန့်ကြာသွားခြင်းဖြစ်ပြီး သူ့အနေဖြင့် အဆိုပါ အမှုကိုဖြေလျှော့ပေးရန်အတွက် ယုံကြည်ကြောင်း ဆက်လက်ပြောကြားသည်။

၂ဝ၁၈ ဇွန်လ ၃ ရက်နေ့ အမှုဖွင့်ခံရပြီးနောက် ဇွန်လ ၈ ရက်နေ့တွင် ဦးသန်းမောင်ဦးသည် စစ်တွေ မြို့မ ရဲစခန်းတွင် သွားရောက် အဖမ်းခံခဲ့သည်။ ရဲစခန်းတွင် စစ်တွေ အမှတ် (၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်ဦးအေးသိန်းနှင့် ပုဏ္ဏားကျွန်းမြို့နယ် အမှတ်(၂) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်တို့က တစ်ဦးလျှင် ကျပ်သိန်း ၅ဝ စီဖြင့် ဦးသန်းမောင်ဦးအား အာမခံပေးမှုကြောင့် အာမခံရရှိခဲ့ကြောင်း သိရသည်။

ဦးသန်းမောင်ဦးသည် ၂ဝ၁၈ ခုနှစ် ဇွန် ၂ ရက်နေ့က အောက်ပါ ပို့စ်တစ်ကို ရေးသားခဲ့သဖြင့် အမှုဖွင်ခံခဲ့ရခြင်း ဖြစ်သည်။

ငါတို့ ရခိုင်ပြည်နယ်က တိုင်းနှင့်ပြည်နယ် (၁၄)ခုထဲမှာ....
၁။ ပညာရေး အနိမ့်ကျဆုံး
၂။ စီးပွါးရေး အနိမ့်ကျဆုံး
၃။ ကျန်းမာရေးဝန်ဆောင်မှု အနိမ့်ကျဆုံး
၄။ လူမှုရေးနယ်ပယ်ကြီး အပျက်စီးဆုံး
၅။ အုပ်ချုပ်ရေးယန္တရား ဖရိုဖရဲအရှိဆုံး။
၆။ ပြည်နယ်အစိုးရအဖွဲ့ကို ပြည်သူများ မကြိုက်ဆုံး၊
(ကျန်တိုင်းနှင့်ပြည်နယ်များမှာ လူထုနှင့်အစိုးရများဟာ ရခိုင်မှာထက် သဟာဇာတ ဖြစ်တယ်)
၇။လူငယ်များ နေရပ်စွန့်ခွါမှု အများဆုံး၊
၇။ လမ်းများ မကောင်းဆုံး၊
၈။ ပထဝီရေခံမြေခံ အကောင်းဆုံး
၉။ သဘာဝမြေသြဇာ အကောင်းဆုံး
၁ဝ။ ငါး ပုစွန် ရေသယံဇာတ အပေါများဆုံး
၁၁။ ရေနက်ဆိပ်ကမ်းကြီးများ အကောင်းဆုံး
၁၂။ သဘာဝဓါတ်ငွေ့ အထွက်ဆုံး ဟု ရေးသားပြီး
ယခုနှစ် ၂ဝ၁၈ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်ရာခိုင်နှုန်းတွင် ၁၆ ဒဿမ ကျော်ကျော်ဟု မှားယွင်းရေးသားမိရာမှ လက်ထောက် ပညာရေးမှူးမှ တရား စွဲဆိုခြင်းဟု သိရသည်။

ဦးသန်းမောင်ဦးမှ သူ၏ ပို့စ်တွင် ရေးသားမှုမှားယွင်းနေသည်ကို သိရှိပြီးနောက် အောင်ချက်ရာခိုင်နှုန်းကို ၂၁ ဒသမ ၄၅ ဟု အမှန်ပြင်ခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ