သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ရက္ခိတပြက္ခဒိန်ထုတ်လုပ်ရောင်းချ၍ ထောင်(၂)နှစ်ခွဲချမှတ်ခံရသူ ကိုသိန်းအောင်မြတ်ချုပ်ရက်စေ့၍ ပြန်လွတ်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

အိမ်စိုးဖြူ

နိရဥ္စရာ၊ နိုဝင်ဘာ ၂၃/ ၂ဝ၂ဝ

ရက္ခိတပြက္ခဒိန် ထုတ်လုပ်ရောင်းချ၍ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ထောင် ၂ နှစ်နှင့် ၆ လချမှတ်ခံခဲ့ရသည့် ကိုသိန်းအောင်မြတ်(၃၁)နှစ်သည် ချုပ်ရက်စေ့၍  ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြထောင်မှ ယနေ့တွင် လွတ်လာခဲ့သည်။ 

ထောင်ထဲက လွတ်လာသူ ကိုသိန်းအောင်မြတ်က “ပြက္ခဒိန်ရောင်းတာမှာ အပြစ်မရှိပါဘူး။ ကျွန်တော်က အမှန်ဆိုရင် ခွင့်ပြုချက်လိုင်စင်မရှိတဲ့ အမှုနဲ့ ၆ လဘဲ ကျခံရမှာပါ။ အခုအေအေနဲ့ဆက်စပ်တယ်လို့ စွပ်စွဲပြီး ၂နှစ်နဲ့ ၆လ ထောင်ကျခံခဲ့ရတာပါ။ ကျွန်တော့ကို လွတ်ရက်စေ့လို့ ပြန်လွှတ်ပေးခဲ့တာပါ။ ပြန်လွတ်လာတဲ့ အတွက် ဝမ်းသာပါတယ်။ ဒီနေ့မနက်ကပဲ စသုံးလုံးက အရာရှိတွေ ရောက်လာပြီး ထပ်ပြီး ပြက္ခဒိန် ရောင်းအုံး မလားလို့မေးသွားပါသေးတယ်။ ကျွန်တော်က ရောင်းအုန်းမှာပါလို့ပြောလိုက်တယ်”ဟုပြောသည်။

ကိုသိန်းအောင်မြတ် အပါအဝင် အမျိုးသား(၄)ဦးတို့သည် ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းတွင် ၂ဝ၁၉ခုနစ်၊ ဧပြီလ ၆ ရက်နေ့က ရက္ခိပြက္ခဒိန်ရောင်းချနေစဉ် ဖမ်းဆီးခံခဲ့ရကာ မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် ပြစ်ဒဏ်၂ နှစ်၊ လိုင်စင်ခွင့်ပြုချက်မရှိပဲ ပြက္ခဒိန်ထုတ်လုပ်ရောင်းချသည့်အတွက် (၆)လ၊ စုစုပေါင်း ၂ နှစ်နှင့်၆ လချမှတ်ခံခဲ့ရသည်။ 

“ ကျွန်တော်က အေအေနဲ့ ဘာအဆက်အသွယ်မရှိဘူး။ ဒီအတွက် မတရားထောင်ကျခဲ့ရတာလို့ပြောချင်တယ်။ ကျွန်တော်တို့က အမျိုးသားယဉ်ကျေးမှုနဲ့ ရက္ခိတဆိုပြီး ကျွန်တော်တို့ဘာသာ၊ လူမျိုး ဝတ်စားဆင်ယင်ပုံ ဓာတ်ပုံတွေနဲ့ ရိုးရာယဉ်ကျေးမှုတွေ မပျောက်ရအောင် ထိမ်းသိမ်းဖော်ပြတဲ့ ကျွန်တော်တို့ ရက္ခိတ ပြက္ခဒိန်ကို ရောင်းချခဲ့ရုံပါ။ ဒါကို ထောင် ၂နှစ်နဲ့ ၆ ချတယ်ဆိုတာကတော့ မတရားခံရတာလို့ပဲပြောချင်ပါတယ်” ဟု ၎င်းပြောသည်။

ရက္ခိတပြက္ခဒိန်ကို ရခိုင်လူထုမှ ဆက်လက် အားပေးမည်ဆိုလျှင် ပြက္ခဒိန်ဆက်လက် ထုတ်ဝေသွားမည်ဟု ၎င်းက ပြောဆိုသည်။ 

ကိုသိန်းအောင်မြတ် ယနေ့ နံနက် ၈ နာရီက ပြန်လည်လွှတ်မြောက်လာရာ ဇနီးသည်က ကလေးငယ်နှင့်အတူ ထောင်ဗူးဝမှ သွားရောက်ကြိုဆိုခဲ့ကြသည်ဟု သိရသည်။ 


ဆက်စပ် သတင်းများ