သောကြာ၊ မေလ ၁၇ရက်၊ ၂၀၂၄

ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အခက်ခဲဖြစ်နေသော ကမန်ကျေးရွာများကို ဆန်အိတ်များလှူဒါန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 6.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၅/ ၂ဝ၂ဝ

ကိုဗစ်ကာလအတွင်း စားဝတ်နေရေး အခက်ခဲဖြစ်နေသော ရခိုင်ပြည်နယ်အတွင်းရှိ ကမန်တိုင်းရင်းသားများကို စစ်တွေခရိုင် ကမန်တိုင်းရင်းသားသာရေး၊ နာရေး၊ လူမှုရေးအသင်း (ရန်ကုန်) မှ ဦးဆောင်ကာ ဆန်အိတ် ၂ဝဝ ကျော် ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

စစ်တွေမြို့နယ်မှ ကမန်လူမျိုးများနေထိုင်ရာ သက်ကယ်ပြင် (ရွာမ)၊ သာယာကုန်း၊ သင်္ဂနက်ကျေးရွာတို့အား လှူဒါန်းခဲ့ခြင်းဖြစ်ပြီး ယင်းရွာသုံးရွာရှိ အိမ်ထောင်စု ၁၂ဝဝ ခန့်အား ဆန်အိတ် ၂၅၄ အိတ်ကို မျှဝေ လှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်း စစ်တွေခရိုင်ကမန်တိုင်းရင်းသား သာရေး၊ နာရေး၊ လူမှုရေးအသင်းမှ ဒုဥက္ကဋ္ဌ (၁) ဦးထွန်းထွန်းစိုးက ပြောသည်။

“ကိုဗစ်ကာလအချိန်မှာ အခက်ခဲရှိနေတဲ့သူတွေကို ကျွန်တော်တို့ အသင်းမှာ လစဉ် ကြေးတွေ၊ ရံပုံငွေတွေနဲ့ စုပေါင်းပြီး လှူတာပါ။ စစ်တွေမြို့နယ်ထဲက ရွာ ၃ ရွာကို လှူခဲ့တာပေါ့။ ကျွန်တော်တို့က ကျွန်တော်တို့ ကမန်တွေအတွက် အဓိက သာရေး၊ နာရေး၊ လူမှုရေးတွေကို ဆောင်ရွက် ပေးသလို ကျွန်တော်တို့ ရခိုင်ပြည်နယ်တိုးတက်ဖို့အတွက်လည်း အတတ်နိုင်ဆုံး အဘက်ဘက် ဝိုင်းဝန်းပြီး ကြိုးစားနေကြပါတယ်” ဟု ၎င်းက နိရဥ္စရာသို့ ပြောသည်။

၎င်းဆန်အိတ်များကို ယမန်နေ့ နိုဝင်ဘာ ၂၄ ရက်နေ့နှင့် ယနေ့ နိုဝင်ဘာ ၂၅ ရက်နေ့တို့တွင် ပေးအပ် လှူဒါန်းခဲ့ကြောင်း ၎င်းက ပြောသည်။

နိုဝင်ဘာ ၂၄ ရက်နေ့က သာယာကုန်း ရွာအတွက် ဆန်အိတ် ၄၅ အိတ်၊ နိုဝင်ဘာ ၂၅ ရက်နေ့က သက္ကယ်ပြင်ရွာမကျေးရွာသို့ ၉၆ အိတ်နှင့် သဂ်နက်ကျေးရွာသို့ ဆန်အိန် ၁၁၃ အိတ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း ကမန်တိုင်းရင်းသား လူဦးရေ စုစုပေါင်း ငါးသောင်းကျော် နေထိုင်လျှက်ရှိကြောင်း ဦးထွန်းထွန်းစိုးက ပြောသည်။

ဆက်စပ် သတင်းများ