အင်္ဂါ၊ ဧပြီလ ၃၀ရက်၊ ၂၀၂၄

စစ်တွေတက္ကသိုလ်နှင့် မီးရထားသံလမ်းအကြားမှ ကျူးကျော်နေအိမ်များဖယ်ရှားဖျက်ဆီးခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 5.2k

သျှင်မင်းဇံ
နိရဉ္စရာ၊ ဧပြီ ၂၁ / ၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့ စစ်တွေတက္ကသိုလ်နှင့် မီးရထားသံလမ်း အကြားတွင် တည်ဆောက်ထားသည့် လူနေအိမ် ၃ လုံး၊ ဆေးခန်း ၁ ခန်းနှင့် လူမနေသည့်တဲအိမ် ၆ လုံးတို့အား ကျူးကျော်နေထိုင်သည်ဟုဆိုကာ ယနေ့ နေ့လယ် ၁ နာရီခန့်က သက်ဆိုင်ရာအာဏာပိုင်များက အင်အားသုံး ဖယ်ရှားလိုက်ကြောင်း သတင်းရရှိသည်။
သူနေအိမ်များကို ဖြိုဖျက်ရာတွင် ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများပါဝင်သည်ဟု သိရသည်။
၎င်းမြေမှာ ၂ ဧကကျော်ခန့်ရှိပြီး အစိုးပိုင်မြေနေရာဖြစ်ကြောင်း၊ ၂၀၁၉ ဧပြီလကနေ ၂၀၂၀ ဧပြီလအထိ စစ်တွေမြို့ လူငယ်များ မြင်းစီးကျွမ်းကျင်ရေး အတွက် မြင်းစီးကလပ်တစ်ခုကို အခမဲ့ဌားရမ်းထားသော မြေဖြစ်ကြောင်း စစ်တွေခရိုင်မှူး ဦးအောင်မြဦးက နိရဉ္စရာသတင်းသို့ ပြောသည်။
“ AGE မြင်းစီးကလပ်တစ်ခုကို ဌားထားတာ သူတို့က စာချုပ်အတိုင်း ဘာမှာ မလုပ်တော့ အစိုးရက ပြန်သိမ်းတာပေါ့။ ပြီးတော့ အဲနေရာကို ၄ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာတွေ ဆောက်ပေးဖို့ တင်ဒါတောင် ခေါ်ပြီးသွားပြီ” ဟု၎င်းက ပြောသည်။
၎င်းနေရာကို ၂၀၂၀ ခုနှစ် ဧပြီလကနေ ဆက်မဌားရမ်းခြင်းမရှိတော့သည့် နောက်ပိုင်း လူတချို့မှ ကျူးကျော် ဝင်ရောက် နေထိုင်ကြသဖြင့် သက်ဆိုင်ရာအစိုးရအဖွဲ့ဝင်များမှ သွားရောက် သတိပေး ပြောကြားခဲ့သော်လည်း မပြောင်းရွှေ့သဖြင့် ဖြိုဖျက်ရခြင်း ဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။
ဖယ်ရှားခံလိုက်ရသူတစ်ဦးဖြစ်သည့် ကိုခိုင်သူရက“ ကျွန်တော်တို့ အဆင်မပြေတဲ့အတွက် မင်းဂံရပ်ကွက် အကွက် (၈)က လူကြီးတွေက အဲနေရာမှာ နေခိုင်းတာ။ ပိုက်ဆံတော့မပေးရဘူး။ ဆောက်တာလေ မကြာသေးဘူး။ အခုလို ဖယ်ရှားခံလိုက်ရတော့ နစ်နာမှုရှိပါတယ်။ အခု နေစရာမရှိတော့ မြေနေရာချပေးရင်ပိုကောင်းမှာဖြစ်ပါတယ် ” ဟု ပြောသည်။
ဖယ်ရှားခံလိုက်ရသည့် သူ့၏ နေအိမ်တန်ဖိုးမှာ ကာလပေါက်စျေး ၃ သိန်းခန့်ရှိသဖြင့် ပြည်နယ် (ပစက) အစိုးရထဲမှ နစ်နာကြေး ပြန်လိုချင်သည်ဟု ၎င်းက ပြောသည်။

ဆက်စပ် သတင်းများ