အင်္ဂါ၊ မေလ ၂၁ရက်၊ ၂၀၂၄

ဖမ်းဆီးခံထားရသည့်လိပ်ဆင်းပြင်ရွာသားအမှု ယနေ့ အမိန့်ချရက်ဖြစ်သော်လည်း အမိန့်ချမှတ်နိုင်ခြင်းမရှိခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 4.6k

ဆောင်းဇာခြည်

နိရဥ္စရာ၊ မေ ၁၈/ ၂၀၂၁

အိမ်ထဲမှ သိမ်းဆည်းရမိသော ဂဏန်းများရေးသားထားသည့် စာရွက်မှာ မိုင်းခွဲရန် သင်္ကေတဟုဆိုကာ စွပ်စွဲဖမ်းဆီးခံရပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုခံရသူ မြောက်ဦးမြို့နယ် လိပ်ဆင်းပြင်ကျေးရွာသား ဦးသန်းမြင့်ဌေး (၃၃) နှစ် အမှုကို ယနေ့ တွင် တရားရုံးက အမိန့်ချရမည်ဖြစ်သော်လည်း အမိန့်မချမှတ်ခဲ့ဟု သတင်းရရှိသည်။

သဇင်ဥပဒေ အထောက်အကူပြုအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ဒီနေ့က အမိန့်မချဖြစ်လိုက်ပါဘူး။ လောလောဆယ် အခြေနေအရ အမိန့်တွေကို ချဖို့အတွက် နည်းနည်းစောင့်ဆိုင်းနေရတဲ့ အခြေနေရှိပါတယ်။ အခုကာလမှာ အကြမ်းဖက်မှုနဲ့ပတ်သက်ပြီးတော့ အမိန့်တစ်စုံတစ်ရာမချဘဲ အစိုးရက ရုပ်သိမ်းလွှာတင်ဖို့ဆိုပြီးတော့ ပြောထားလို့ စောင့်နေကြတဲ့လူတွေ ရှိပါတယ်။ အဲဒါကြောင့် ရုံးက အမိန့်ချဖို့ဟာတွေကို မချဘဲ စောင့်ဆိုင်းနေပါတယ်။ အမှုတွေကို ရုပ်သိမ်းမယ်ဆိုပြီးတော့ ပြောသံကြားလို့လေ။ အဲလိုပြောသံတွေကြားတဲ့ အတွက် ရုံးကလည်းစဉ်းစားပြီးတော့ စောင့်ဆိုင်းနေပါတယ် ဟု ပြောသည်။

မေလ ၄ ရက်နေ့က မြောက်ဦးခရိုင်တရားရုံးတွင် ဦးသန်းမြင့်ဌေးအား ရုံးထုတ်ခဲ့ပြီး ယနေ့ မေလ ၁၈ ရက်နေ့၌ အပြီးသတ် အမိန့်ချမှတ်မည်ဟု ရုံးချိန်းပေးလိုက်သည်ဟုဆိုသည်။

၄င်းကို  လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် ယင်းကျေးရွာသို့ တပ်မတော်စစ်ကြောင်းဝင် လာစဉ် ဦးသန်းမြင့်ဌေးအား နေအိမ်၌ မသင်္ကာသည့် စာရွက်စာတမ်းများနှင့်အတူတွေ့သည်ဟုဆိုကာ ထိုတပ်မတော်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဦးအောင်စစ်မင်းက ဆက်ပြောသည်။

တပ်မတော်စစ်ကြောင်းက ကျေးရွာကို ဝင်လာတဲ့အချိန်မှာ သူ့ကို အိမ်မှာ တွေ့တယ်၊ သူ့အိမ်ပေါ်က အေအေနဲ့ ဆက်စပ်တဲ့ အထောက်အထား တွေ့တယ်ဆိုပြီးတော့ စွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။ သူ့အိမ်ပေါ်က ဂဏန်းတွေနဲ့ မှတ်ထားတဲ့ စာရွက်စာတမ်းတွေရတယ်၊ အဲဒါက မိုင်းဖောက်ခွဲဖို့အတွက် သင်္ကေတ ပြထားတဲ့စာရွက်ဖြစ်တယ်ဆိုပြီးတော့ စွဲဆိုထားတာပါ။ သူ့ကို ဒီနေ့ ရုံးတော့ထုတ်ခဲ့တယ်။ စစ်တာတွေဘာတွေတော့ မလုပ်တော့ဘူးပေါ့။ အမိန့်ချဖို့ဘဲလိုတော့တာဆိုတော့။ဟု ပြောသည်။

ဦးသန်းမြင့်ဌေးအား ဗိုလ်မှူးဆန်းမြင့်နိုင်က တရားလိုလုပ်ကာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးသန်းမြင့်ဌေးအား အမိန့်ချမှတ်ရန် ရုံးချိန်းချိန်းဆိုခဲ့ကာ အမိန့် မချမှတ်ခဲ့သည့်အတွက် တရားခံအနေဖြင့် နစ်နာမှုများရှိကြောင်း သူက ပြောသည်။

ယနေ့ မြောက်ဦးခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဥပဒေပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသည့် လူပေါင်း ၁၆ ဦးအား ရုံးထုတ်ခဲ့ကြောင်း ဦးအောင်စစ်မင်းပြောပြချက်အရ သိရသည်။

လက်ရှိတွင် ၄င်းတို့အား မြောက်ဦးမြို့မရဲစခန်းတွင် ထိန်းသိမ်းထားပြီး မေလ ၂၅ ရက်နေ့သို့ ရုံးချိန်း ပြန်ချိန်းလိုက်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ