သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

AA တပ်မှူးချုပ်၏ညီဖြစ်သူတို့၏နောက်ဆုံးအမှုရုံးချိန်း တရားလိုပြသက်သေမရောက်၍ထပ်မံရုံးချိန်ရပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၁
  • | ကြည့်ရှုသူ: 6.7k

ချစ်အိလှိုင်

နိရဉ္စရာ၊ မေ ၁၈/ ၂ဝ၂၁

ရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီဖြစ်သူ ကိုအောင်မြတ်ကျော် အပါအဝင် (၈)ဦး အမှု နောက်ဆုံးရုံးချိန်းတွင် တရားလိုပြ သက်သေဖြစ်သူ ရဲမှူးမရောက်၍ အမှုကို မစစ်ဆေးခဲ့ရဘဲ လာမည့် မေလ ၂၆ ရက်နေ့သို့ ထပ်မံရုံးချိန်းခေါ်ယူလိုက်ကြောင်း သတင်းရရှိသည်။

အမှုကို ယနေ့ နံနက် ၁၁ နာရီခန့်က ရုံးထုတ်စစ်ဆေးရန် ရှိသော်လည် နောက်ဆုံး စစ်ဆေးမည့် တရားလိုပြသက်သေဖြစ်သူ ဒုရဲမှူး မင်းမင်းသူရောက်ရှိလာခဲ့ဟု သိရသည်။  

ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ညီဖြစ်သူ ကိုအောင်မြတ်ကျော်၊ ကိုမြတ်လင်းဦး၊ ကိုရဲကျော်ထက်၊ မအေးမြတ်မွန်၊ ကိုတင်လှိုင်ဦး၊  ကိုဟိန်းဇော်၊ မောင်ပန်(ခ)ထွန်းအေး နှင့် ရွှေလှိုင်သန်းတို့အမှုမှာ (၂)နှစ်နီးပါးကြာလာပြီဖြစ်သဖြင့် ရုံးချိန်းမှန်စေချင်ကြောင်း မိသားစုဝင်များကပြောသည်။

ကိုအောင်မြတ်ကျော် ဆွေမျိုးဖြစ်သူ ဦးထွန်းထွန်းဦးက အမှုကို အမြန် ပြီးချင်တာပေါ့။ အမှုစစ်လို့ပြီးမှ စွဲချက်တင်မှ အမြန်ပြီးမှာပေါ့။ သူတို့မှာလည်း သူတို့ အခက်အခဲရှိလို့မလာတာထင်တယ်။ ဒါပေမယ့် မိသားစုမှာတော့ အမှု မြန်မြန် စစ်ပြီးစေချင်တယ်ဟုပြောသည်။

ကိုအောင်မြတ်ကျော်အပါအဝင် (၈) ဦးမှာ  စင်ကာပူ ရခိုင်အသင်းခေါင်းဆောင်များ ဖြစ်ပြီး ၂ဝ၁၉ ဇူလိုင်လ ၆ ရက်နှင့် ၇ ရက်နေ့ညတွင် စင်ကာပူပြည်ထဲရေးဌာနက ဖမ်းဆီးခဲ့ပြီး  မြန်မာနိုင်ငံသို့ ပြန်ပို့ရာ ဇူလိုင်လ ၁ဝ ရက် ၁၁ ရက်နေ့များက ဖမ်းဆီးခံခဲ့ကြရသည်ဟု သိရသည်။

အမှုရင်ဆိုင်နေရသူ ကိုတင်လှိုင်ဦး၏ ဖခင်ကလည်း ၂ နှစ်နီးပါးကြာလာပြီဖြစ်သဖြင့် မြန်မြန်ဆန်ဆန် စစ်ဆေးပေးစေလိုကြောင်း၊နောက်တစ်ကြိမ်ရုံးချိန်းတွင် တရားလိုပြ သက်သေ မရောက်ပါက တရားဥပဒေအညီ ဆောင်ရွက်ပေးစေချင်ကြောင်း ပြောသည်။

အခုသူမရောက်တာနှစ်ခေါက်ရှိပြီပေါ့။ အဲဒါဟာ ဥပဒေနဲ့လည်း မညီဘူးလို့ ပြောရမယ်ပေါ့။ သုံးကြိမ်ချိန်းလို့မရောက်ရင် ကျွန်တော်တို့ကြားဖူးတာ အဲဒီသက်သေကို ပယ်လို့ရတယ်လို့ကြားဖူးတယ်။ အရင်ကကိုဗစ်နဲ့လည်း ရုံးချိန်းမခေါ်ဘူး။ အများကြီးနစ်နာတယ်။ ငွေကုန်တာကတမျိုး။ စိတ်ဆင်းရဲရတာကတမျိုးပါ။ တရားဥပဒေအရဆက်လုပ်စေချင်တယ်ဟုပြောသည်။

၄င်းတို့အမှုအားလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဦးအောင်ကျော်စိန်အား အမှုအကြောင်းနှင့် ပတ်သက်၍ မေးမြန်းစုံစမ်းရန် ဆက်သွယ်ရာ ဆက်သွယ်မှုဧရိယာပြင်ပသို့ရောက်ရှိနေသဖြင့် ဆက်သွယ်မှုမရရှိခဲ့ပါ။

၄င်းတို့ (၈) ဦးမှာ ပုဒ်မ ၅ဝ(ည)နှင့် ပုဒ်မ ၅၂ (က)တို့ဖြင့် အသီးသီး အမှု ရင်ဆိုင်နေကြရခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ