သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရန်ကုန်ကြည့်မြင်တိုင်စံပြငါးစျေးမှ ဘင်္ဂလားဒေ့ရှ်သို့တရားမဝင်ငါးတင်ပို့သည့် စက်လှေကြီးတစ်စီးကို မြန်မာလူမျိုး၂၁ ဦးနှင့်အတူ မောင်တောနယ်စပ်တွင်ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၁
  • | ကြည့်ရှုသူ: 2k

သဥ္ဇာနွယ်
နိရဉ္စရာ၊သြဂုတ်၂၁/၂၀၂၁
ရန်ကုန်မြို့၊ ကြည့်မြင်တိုင်စံပြငါးစျေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ငါးတင်ပို့သည့် စက်လှေကြီးတစ်စီးအား မြန်မာလူမျိုး ၂၁ ဦး၊ ငါးတန်ချိန် ၃၅ တန်နှင့်အတူ မောင်တောမြို့နယ်အတွင်းရှိ ပင်လယ်ပြင်တစ်နေရာတွင် မြန်မာရေတပ်က ယခုလ ၂၀ ရက်နေ့က ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။
မောင်တော စခန်းမှူးမြင့်ဦးကျော်က " မောင်တောမြို့နယ် တောင်ပိုင်း၊ နွားမြန်းဒေါက် ချောင်းဝ နားလောက်မှာ ဖမ်းမိတယ်လို့တော့ကြားတယ်။ ကျွန်တော်တို့ရဲတပ်ဖွဲ့က ဖမ်းတာမဟုတ်တဲ့အတွက် အသေးစိတ်ပြောလို့ မရဘူး။ ဖမ်းတာက ရေတပ်က ဖမ်းတာ"ဟု နိရဉ္စရာသို့ ပြောသည်။
ကိုဗစ်ရောဂါကြောင့် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားချိန်တွင် တရားမဝင်သွားရောက်၍ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။
၎င်းစက်လှေကြီးသည် ရန်ကုန်တိုင်းကြည့်မြင်တိုင်စံပြငါးစျေးမှနေ၍ တိုးမြစ်၊ ဟိုင်းကြီးကျွန်း၊ မေယုကျွန်း၊ အုန်းကျွန်းပင်လယ်လမ်းကြောင်းအတိုင်း ဘင်္ဂလာဒေ့ရှ်နိုင်ငံဘက်သို့ မှောင်ခိုတင်သွင်းရန် သွားစဥ် မောင်တောမြို့နယ် တောင်ပိုင်း နွားမြန်းဒေါက်ချောင်းဝအနီး၌ ဖမ်းမိခြင်း ဖြစ်ပြီး ဥပဒေအရ အရေးယူသွားမည်ဟု ရခိုင်ပြည်နယ်သတင်းမှန်ပေ့ချ်တွင် သတင်းဖော်ပြသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မောင်တောမြို့ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက "မနေ့က မနက်ပိုင်းလောက်က သူတို့ကို ရေတပ်က လာဖမ်းတာတော့ တွေ့လိုက်တယ်။ ဖမ်းထားတဲ့ စက်လှေကိုတော့ အခု ကညင်းချောင်း ဆိပ်ကမ်းမှာ ကပ်ခွင့်ပေးထားတယ်။ ဘယ်လိုအရေးယူ ဆောင်ရွက်သွားမလဲဆိုတာ ကျွန်တော်လည်းမသိဘူး" ဟု ပြောသည်။
လက်ရှိ ရခိုင်-ဘင်္ဂလားနယ်စပ်ပင်လယ်ပြင်တွင် ဘင်္ဂလာဒေ့ရှ်သို့ တရားမဝင် မှောင်ခိုကုန်ပစ္စည်းများ ပို့ဆောင်သည့် ရေယာဉ်များကို မကြာခဏ ဖမ်းဆီးမိနေရာ ယခုလ ၁၇ ရက်နေ့ကလည်း မေယုကျွန်းအနီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင်ရောင်းချမည့် သစ် ၁၄ တန်ခန့်နှင့်အတူ စက်လှေ တစ်စီးကို လူ ၆ ဦးနှင့် အတူ ရေတပ်က ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။
------------------

ဆက်စပ် သတင်းများ