တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

ကိုဗစ်ကာလစားဝတ်နေရေးခက်ခဲနေသည့် စစ်တွေမှ အိမ်ထောင်စု ၄ဝဝ ကို လူငယ်အဖွဲ့ ၂ ခုက စားနပ်ရိက္ခာများထောက်ပံ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.8k

ဇော်ဝင်းအောင်၊ သန္တာကျော်ဇော
နိရ ဉ္စရာ၊ စက်တင်ဘာ ၃ / ၂ဝ၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ရပ်ကွက် ၅ ခု မှ ကိုဗစ်ကာလ စားဝတ် နေရေးခက်ခဲနေသူ အိမ်ထောင်စု ၄ဝဝ ကို ပရဟိတလူငယ်များအဖွဲ့ (Charity Youth Organization)နှင့် မရမာကြီးလူငယ်အဖွဲ့က ကိုဗစ်ကာကွယ် ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ယနေ့ ထောက်ပံ့ကူညီနေကြောင်း သိရသည်။
စစ်တွေ့မြို့ပေါ်ရှိ စက်ရုံစု၊ ဓညဝတီ၊ ကုန်တန်း၊ ကျေးတောနှင့် ရွာသာယာရပ်ကွက်များမှ အိမ်ထောင်စု ၄၀၀ ကို ယနေ့ စက်တင်ဘာလ ၃ ရက်တွင် ထောက်ပံ့နေခြင်းဖြစ်ပြီး အမှိုက်ကောက်၊ ကူလီထမ်း စသော အခြေခံလက်လုပ်လက်စားများကို အဓိက ထောက်ပံ့သွားမည်ဟု သိရသည်။
မရမာကြီးလူငယ်အဖွဲ့မှ ကိုဝင်းမြင့် '' ဒီကိုဗစ်တတိယလှိုင်းမှာ ဆင်းရဲတဲ့ အိမ်ထောင်စု တွေတော်တော်ခက်ခဲကြတယ်။ အလှုရှင်တွေရဲ့ပံ့ပိုးမှုနဲ့ ကျနော်တို့လူငယ်အဖွဲ့ ၂ ခု ပေါင်းပြီး ထောက်ပံ့ကြတာပါ။ လောလောဆယ် အိမ်ထောင်စု ၄၀၀ ပေးမယ်လို့ သတ်မှတ်ထားပါတယ်။ ဆန်ကိုတော့ လူဦးရေ ၂ ထောင်ထိ ပေးမှာပေါ့။ အိမ်ထောင်စုက အများကြီးရှိပေမဲ့ ကျနော်တို့ပေးနိုင်မဲ့ ပမာဏက ၄၀၀ လောက်ပဲရှိတယ် ''ဟု ဆိုသည်။
ယခုထောက်ပံ့ရာတွင် အိမ်ထောင်စုတစ်ခုလျှင် ကျပ် ၄၅,၀၀၀ နှုန်းဖြင့် နှာခေါင်းစည်း (Mask)၊ တစ်ခါသုံး လက်ဆေးရည်၊ ဆပ်ပြာစသော ကိုဗစ်ကာကွယ်ရေးပစ္စည်းများနှင့် ဆန်၊ ဆီ၊ ပဲ၊ ငရုပ်သီးခြောက်၊ အာလူး၊ ကြက်ဥ စသော စားနပ်ရိက္ခာများပါဝင်ကြောင်း သိရသည်။
ကိုဗစ်ကာလအတွင်း ရခိုင်ပြည်နယ်ရှိ လက်လုပ် လက်စား အများစုမှာ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရပြီး ၎င်းတို့အတွက် ပရဟိတအဖွဲ့အစည်းများက အဓိကထား ကူညီထောက်ပံ့နေရသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ