တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မင်းပြားအထက(၂)ဧရိယာမှ အိမ်အလုံး ၆ဝ ခန့်ဖယ်ရှားရမည့်ကိစ္စကိုစုံစမ်းဖော်ထုတ်ပေးရန် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မတီသို့ တိုင်ကြား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 10k

နှင်းနွယ်နီ
နိရဥ္စရာ၊ စက်တင်ဘာ ၄ / ၂၀၂၁
ရခိုင်ပြည်နယ်၊ မင်းပြားမြို့ ဂန့်ဂေါ်မြိုင်မြောက်ပိုင်း ဥက္ကာပျံရပ်ကွက်ရှိှ အထက(၂) ကျောင်းဧရိယာအတွင်းမှ ဖယ်ရှားရမည့်နေအိမ်အလုံး ၆၀ ခန့် ဖယ်ရှားရမည့်ကိစ္စကို စုံစမ်းဖော်ထုတ်ပေးရန် နေအိမ်ပိုင်ရှင်များက မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မတီသို့ စာပေးပို့တိုင်ကြားလိုက်ကြောင်း သိရသည်။
အဆိုပါစာကို နေအိမ်ပိုင်ရှင်များကိုယ်စား ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့က ယမန်နေ့ စက်တင်ဘာ ၃ ရက်ရက်စွဲဖြင့် ယနေ့ စက်တင်ဘာလ (၄) ရက်တွင် စစ်တွေရှိ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မတီရုံးခွဲမှတဆင့် ပေးပို့တိုင်ကြားလိုက်ခြင်းဖြစ်သည်။
ရခိုင့်လူ့အခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက
“စာသင်ကျောင်းကို မြေနေရာ သတ်မှတ်တာက ၁၉၉၇ ခုနှစ်က ဝန်ကြီးဌာနက သတ်မှတ်တာလို့ပြောကြတယ်။ ဒါပေမဲ့ ပထမကတော့ ၅ ဧကလို့ သတ်မှတ်တယ်။ အခုက ပြန်ပြီးတော့ ၇.၆၀ ဧကလို့သတ်မှတ်တယ် ပြည်ထဲရေးဝန်ကြီးဌာနက။ အမှန်မှာကတော့ ဒီဟာနဲ့ပတ်သက်လို့ အထက်ကနေပြီးတော့ အောက်ခြေမှာဘာဖြစ်နေလဲဆိုတာ သေချာစစ်ဆေးရမယ်။ အောက်ခြေအနေအထားကို မစစ်ဆေးဘဲနဲ့ ယမ်းသမ်းပြီးတော့ အမိန့်ချပေးလိုက်ခြင်းအားဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေဖြစ်လာမယ်။ နေအိမ်တို့၊ နေရာတို့၊ ရပ်ရွာတို့ကို အတင်းအဓမ္မ ဖယ်ရှားတယ်ဆိုတာက လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုပဲ။”ဟု ပြောသည်။
၎င်းမြေနေရာတွင် နေထိုင်သူများမှာ ၁၉၇၅ ခုနှစ်၊ မင်းပြားမြို့ မီးလောင်ပြီးနောက် မီးဘေးဒုက္ခသည်များအား အာဏာပိုင်များက အကွက်ချနေထိုင်စေပြီး တဖြေးဖြေးနှင့်အိမ်ခြေများလာခဲ့ကြောင်း၊ ယခုအခါ ခြံစည်းရိုး အုတ်တံတိုင်းမှာ (၇.၆၀)ဧက ကာရံထားသဖြင့် ဖယ်ရှားရမည့်အနေအထားဖြစ်နေခြင်းဖြစ်ကြောင်း၊ နေထိုင်သူများကိုလည်း မြေအစားထိုးအကွက်ချပေးထားခြင်းလည်းမရှိကြောင်း၊ ပြည်နယ်လွှတ်တော်အမတ်ဟောင်း ဦးလှသိန်းအောင်ကလည်း ကျောင်းမြေနေရာမှာ (၅) ဧကသာ သတ်မှတ်ထားသည်ကို သိရှိရကြောင်း ထွက်ဆိုထားသည်ဟု အဆိုပါတိုင်ကြားစာတွင်ဖော်ပြထားသည်။
မြေကွက်အတွင်း နေထိုင်သူများကလည်း မြေနေရာအစားထိုးပေးလျှင် ယခုနေရာမှထွက်ပေးမည်ဖြစ်ပြီး မြေနေရာ အစားထိုးမပေးနိုင်ပါက ဖယ်ရှားရန်မဖြစ်နိုင်ဟုလည်း ပြောဆိုကြသည်။
“ဒီနေရာကို လာပြီးတော့ စစ်ဆေးစေချင်တယ်။ ကျနော်တို့ကို အိမ်နေရာအစားထိုးပြီးတော့ အိမ်နေရာအသစ် ချပေးစေချင်ပါတယ်။”ဟု နေအိမ်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမောင်လှထွန်းက နိရဥ္စရာကိုပြောသည်။
နေအိမ်ဖယ်ရှားခံရမည့်နေအိမ် ၅၉ အိမ်ရှိပြီး လူဦးရေ ၂ဝဝ ကျော်ရှိသည်ဟု သိရသည်။
၎င်းတို့အတွက် နေရာသစ်များချပေးရန် ပြီးခဲ့သည့် သြဂုတ်လ ၃၀ ရက်ကလည်း မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ အသနားခံစာတင်ထားကြောင်း သိရသည်။
မင်းပြားမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးကလည်း ၎င်းအနေဖြင့် အဆိုပါမြို့တွင် တာဝန်ကျနေသည်မှာ မကြာသေးသည့်အတွက် ယခုကိစ္စကို ရပ်ကွက်အုပ်ချုပ်ရေးမှူးသော်လည်းကောင်း၊ သူ့ကိုသော်လည်းကောင်း တိုက်ရိုက်လာရောက်တိုင်ကြားပါက မျှမျှတတဖြစ်အောင်လုပ်ပေး၍ရနိုင်ကြောင်း နိရဥ္စရာသတင်းဌာနကို မကြာသေးခင်က ပြောဆိုထားသည်။
အဆိုပါနေအိမ်များရှိသည့်နေရာအပါအဝင် အထက(၂)ကျောင်းဧရိယာ (၇.၆၀) ဧကကို ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနရှိ မင်းပြားမြို့ အထက(၂) ကျောင်းသို့ မြေဧရိယာ အခွန်အမိန့်ဆင့်ဆိုချက် ၃၃၂ အရ ၂ဝ၁၆ ခုနှစ်၊ ဇွန်လ ၁ ရက်တွင် ပြည်ထဲရေးဝန်ကြီးဌာနက အခမဲ့လွှဲပြောင်းပေးအပ်ထားသည်ဟုလည်း သိရသည်။
လက်ရှိတွင် ကျောင်းခြံစည်းရိုးကို ပြီးခဲ့သည့်ဇွန်လမှစတင်ကာ နေအိမ်များရှေ့မှဖြတ်ကျော်ထိုးနေပြီဖြစ်ပြီး လာမည့်စက်တင်ဘာလအတွင်း ပြီးစီးမည်ဟု သိရသည်။ ခြံစည်းရိုးထိုးပြီးပါက ယခုနေရာမှ ဖယ်ပေးရတော့မည်ဟုလည်း အိမ်ပိုင်ရှင်များက ဆိုသည်။

ဆက်စပ် သတင်းများ