တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေအဝေးပြေးကားဂိတ်မှ မီးစက်ကြီးလမ်းဆုံအထိ မေယုလမ်းမကြီးတလျှောက် လမ်းဘေးစျေးဆိုင်များအား ဖယ်ရှားရန် စည်ပင်သတိပေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 267


ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၄/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အဝေးပြေးကားဂိတ်ရှေ့မှ မီးစက်ကြီးလမ်းဆုံ(ရေပန်းအဝိုင်းလမ်းဆုံ)အထိ မေယုလမ်းမကြီးတလျှောက်ရှိ လမ်းဘေးစျေးဆိုင်များအား နေရာမှဖယ်ရှားပေးရန် မြို့နယ်စည်ပင်သာယာရေးဖွဲ့က သတိပေးအမိန့်ထုတ်ပြန်ထားကြောင်း သတင်းရရှိသည်။
အဆိုပါလမ်းတစ်လျှောက် လမ်းဘေးစျေးဆိုင် ၂ဝ ခန့်ရှိပြီး စက်တင်ဘာလ ၅ ရက်နေ့နောက်ဆုံးထား၍ ယခုနေရာမှ ဖယ်ရှားပေးရန်နှင့် သတ်မှတ်ရက်အတိုင်းဖယ်မပေးပါက အရေးယူမည်ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူးဒေါ်ခင်ခင်စိုးလက်မှတ်ရေးထိုးကာ သြဂုတ်လ (၃ဝ) ရက်နေ့တွင် သတိပေးစာအမိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းသို့အမိန့်ထုတ်ပြန်ထားသည့်အတွက် စျေးသည်များအနေဖြင့် စိုးရိမ်နေကြသည်ဟု ကားဂိတ်အနီး ကွမ်းယာဆိုင်ရောင်းသူ ဦးကိုလတ်က နိရဥ္စရာအား ပြောသည်။
“ကိုဗစ်ကာလလည်းဖြစ်တော့ မိသားစုတွေက ကျပ်တည်းကြတယ်။ ဒီဆိုင်လေးက ဝင်ငွေနဲ့မိသားစုကို တစ်ဖက်တစ်လမ်းက ထောက်ပံ့နေရတာပါ။ ဒီဆိုင်ကိုဖယ်ပေးရရင် စားဝတ်နေရေး ဘယ်လိုရပ်တည်ကြမလဲ။ ရူးမလောက်ခံစားရပါတယ်။ မဖြိုကြဖို့ တောင်းပန်ချင်ပါတယ်။”ဟု ပြောသည်။
အဆိုပါသတိပေးစာတွင် “မြို့တော်အင်္ဂါရပ်နှင့် ညီညွတ်စေရေး အခိုင်အမာကျူးကျော်ဆောက်လုပ်ထားသော လူကြီးမင်း၏ စျေးဆိုင်အား သြဂုတ်လ ၁၉ ရက်နေ့အပြီး ဖယ်ရှားရှင်းလင်းရန် ရည်ညွှန်းပါစာဖြင့် အကြောင်းကြားထားသော်လည်း ယနေ့အချိန်ထိ ဖြိုဖျက်ရှင်းလင်းခြင်းမရှိသည်ကို တွေ့ရှိရပါသဖြင့် စက်တင်ဘာလ (၅) ရက်နေ့ကို နောက်ဆုံးထား၍ဖြိုဖျက်ရှင်းလင်းပေးရန် ဒုတိယအကြိမ် အကြောင်းကြားပါသည်”ဟု ပါရှိသည်။
၄င်းအပြင် “အကယ်၍ လိုက်နာဆောင်ရွက်မှုမရှိပါက ရခိုင်ပြည်နယ်စည်ပင်သာယာရေး ဥပဒေအရ တရားစွဲအရေးယူသွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်”ဟုလည်း ဆိုထားသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်စိုးအားမေးမြန်းရာ သူမအနေဖြင့် အထက်မှညွှန်ကြားချက်အတိုင်းလုပ်ကိုင်ရခြင်းဖြစ်သဖြင့် တစ်စုံတစ်ရာ ဖြေကြားလိုခြင်းမရှိကြောင်း ပြောသည်။

ဆက်စပ် သတင်းများ