တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စစ်တွေမြို့အဝင်ကားဂိတ်ဝန်းကျင်နှင့် ဘာသာရေးအဆောက်အအုံများအနီး မဖွယ်မရာလုပ်နေမှုများကို အရေးယူတားဆီးပေးရန် သက်ဆိုင်ရာကိုတိုင်တန်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.8k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၄/ ၂ဝ၂၁
စစ်တွေမြို့အဝင် မင်းဂံကားဂိတ်ဝန်းကျင်နှင့် ဘာသာရေးအဆောက်အအုံများ အနီးတွင် ညအချိန် ပြည့်တန်ဆာများဖြင့် မဖွယ်မရာလုပ်နေမှုများ ဖြစ်ပေါ်နေသဖြင့် သက်ဆိုင်ရာက အမြန်တားဆီးပေးရန် ကျောင်းထိုင် ဆရာတော်တစ်ပါးက စာရေးတိုင်ကြားလိုက်သည်ဟု သတင်းရရှိသည်။
၄င်းကိစ္စအပေါ် မိုးကုတ်ကျောင်းဆရာတော်ကိုယ်တိုင် သက်ဆိုင်ရာရဲတပ်ဖွဲ့နှင့် သာသနာ့ဆိုင်ရာအကြီးအကဲများသို့ တိုင်တန်းထားကြောင်း၊ ယခုကဲ့သို့ မဖွယ်မရာပြုလုပ်နေသဖြင့် ဘာသာရေးအရ ထိခိုက်မှုများ ရှိနေသလို လမ်းသွားလမ်းလာများအတွက် အနှောင့်အယှက် ဖြစ်ပေါ် နေကြောင်း၊ နောက်ဆက်တွဲ အနေဖြင့် ခိုက်ရန်များဖြစ်ပွားပြီး မှုခင်းများဖြစ်လာမည်ကို စိုးရိမ်ရကြောင်း မိုးကုတ်ကျောင်းတိုက် ကပ္ပိယဖြစ်သူ ဦးအောင်အောင်က နိရဉ္စရာ သတင်းဌာနကို ပြောသည်။
ယမန်နေ့ စက်တင်ဘာ ၃ ရက် ည ၁ဝ နာရီခန့်ကလည်း မင်းဂံရပ်ကွက် ဆင်းလမ်း၊ အောက်မိုးကုတ် ကျောင်းတိုက် အပြင်ဘက် ကျောင်းနံရံအနီး၌ မဖွယ်မရာပြုလုပ်နေသူ ၈ ဦးခန့်ကို ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးရာ တစ်ဦးကို ဖမ်းမိပြီး ကျန်သူများမှာ ထွက်ပြေးသွားခဲ့ကြောင်း၊ ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ရာ အချိန်မီရောက်မလာသည့်အတွက် ဖမ်းဆီးထားသူအား ဆိုဆုံးမပြီး ပြန်လွှတ်ပေးလိုက်ရကြောင်း ၎င်းက ပြောဆိုသည်။
“ မနေ့က ပြည့်တံဆာကောင်မလေးတွေ၊ မိန်းမလျာတွေက သာသနာ့ နယ်မြေအနီးမှာ မဖွယ်မရာ လာလုပ်တဲ့အတွက် ဦးလေးတို့ဝိုင်းဖမ်းကြတာ။ ရပ်ကွက်ထဲကလူတွကလည်း ထွက်လာပြီး လိုက်ဖမ်းကြတယ်။ အစတုန်းက ဆရာတော်ကနေဟန့်ပါတယ်။ ကျောင်းအနီးက ထွက်သွားကြဖို့ တားတာကို ဆရာတော်ကို အော်ဟစ်လှောင်ပြောင်ကြတယ်။ အဲဒီနောက် ရပ်ကွက်က လူတွေ လိုက်ဖမ်းကြတာ။ ၈ ယောက်မှာ တစ်ယောက်မိတယ်။ ရဲကို အကြောင်း ကြားပေမဲ့ အချိန်မီ ရောက်မလာတာကြောင့် ဆုံးမပြီး လွှတ်ပေးလိုက်တယ်” ဟုပြောသည်။
ယခုကဲ့သို့ ဖြစ်ပေါ်နေသဖြင့် သာမန် ရုံးတက်ရုံဆင်း အမျိုးသမီးငယ်များ၊ လမ်းသွားလမ်းလာ အမျိုးသမီးများအားလည်း ထိခိုက်နစ်နာမှုများရှိနေသည်ဟု ဆိုသည်။
“ အခုကလေးမလေးတွေ ညအချိန်မတော်အလုပ်က ပြန်လာရင်။ ၇ နာရီ ၈ နာရီဆိုရင် လာတဲ့ မိန်းကလေးကို မဖွယ်မရာပြောဆိုကြတာရှိတယ်။ သားနဲ့ အမိ၊ မောင်နဲ့နှမ မသင့်တော်တော့ပါဘူး။ ဒါကို အမြန်ဆုံးဟန့်တားပေးဖို့ ဆရာတော်က ရဲနဲ့ သက်ဆိုင်ရာ မြို့နယ် သံဃာနာယက အဖွဲ့တွေကို တိုင်ထားပါတယ်” ဟုပြောသည်။
အဆိုပါ မိုးကုတ်ကျောင်းတိုက်မှာ စက်ရုံစုရပ်ကွက်အပိုင်ထဲတွင်ရှိသော်လည်း မင်းဂံရပ်ကွက် ဆင်းလမ်းတွင် တည်ရှိသဖြင့် နည်းနည်း အလှမ်းဝေးကြောင်း၊ ယခုကဲ့သို့ မဖွယ်မရာ လုပ်ငန်းများကြောင့် လမ်းသွားလမ်းလာများ၊ အမျိုးသမီး များအတွက် အနှောင့်အယှက် ဖြစ်နေကြောင်း မင်းဂံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက ပြောသည်။
“မနေ့က အောက်မိုးကုတ်ကျောင်းရှေ့မှာ မကောင်းတာလုပ်စားနေတဲ့ မိန်းမတွေကို လိုက်ပြီး တားတာတွေလုပ်တယ်လို့သိရတယ်။ အဲဒါက စက်ရုံစု အပိုင်ဖြစ်သွားပြီ။ လမ်းသွား၊ လမ်းလာတွေကို ဆိုင်ကယ်တွေကို လိုက်ပြီး တားတာတွေရှိတယ်။ မသင့်တော်တာတွေဖြစ်နေတယ်။ အဲဒါတွေကို တားမြစ်ပေးစေချင်တယ်” ဟုပြောသည်။
စစ်တွေမြို့ခံဒေသခံတစ်ဦးက “ ညနေဖက်ဆိုရင် ကျွန်တော်တို့ အဲဒီ ဖက်လမ်းကို ဖြတ်မသွားရဲဘူး။ မိကောင်းဖခင်သားသမီးမှန်းမသိ၊ ဆိုင်ကယ်တွေကိုတားတယ်။ ဆွဲတယ်။ အများကြီးပဲ။ ဒါတွေကို သက်ဆိုင်ရာက ဘာမှမလုပ်ကြဘူးလားမသိဘူး” ဟုပြောသည်။
စစ်တွေမြို့နယ်ရဲတပ်ဖွဲ့အား နိရဥ္စရာမှ ၄င်းကိစ္စအား မေးမြန်းစုံစမ်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိသေးပါ။
စစ်တွေမြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်လွင်က “ အဲဒါကတေ့ ကျွန်တော်တို့ဆီကို သတင်း ပေးလာတာတော့မရှိသေးဘူး။ အဲဒီလိုဆိုရင် ရဲနဲ့ကျွန်တော်တို့ ဖမ်းတာဆီးတာတွေ လုပ်ခိုင်းရမှာပေါ့” ဟုပြောသည်။
၄င်းမိုးကုတ်ကျောင်းရှေ့ အနီးမြေလွတ်များတွင် ကွန်ဒုံးများနှင့် မဖွယ်မရာပစ္စည်းများအား မြင်မကောင်းအောင်ပြန့်ကြဲနေသည်ကို တွေ့ရှိရပြီး မလိုလားအပ်သော ရောဂါများကူစက်မည်ကိုလည်း စိုးရိမ်ရကြောင်း ဒေသခံများက ပြောကြားသည်။

ဆက်စပ် သတင်းများ