တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

အမ်းတွင် သဘာဝဒီရေတောတစ်ခုအား ဆရာတော်ဦးဥတ္တမအမည်ပေးမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 4.5k

အေးမြတ်ခိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၆/၂ဝ၂၁
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှသဘာဝဒီရေတောတစ်ခုအား မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် ဆရာတော်ဦးဥတ္တမကို ဂုဏ်ပြုသောအားဖြင့် ဦးဥတ္တမအမည်မှည့်ခေါ်သွားမည်ဟု သတင်းရရှိသည်။
ကိုဗစ်အခြေနေ၊ နိုင်ငံရေးအခြေနေတို့ကြောင့် ဆရာတော်ဦးဥတ္တမနေ့ကို မြို့ပေါ်တွင်စည်စည်ကားကားမကျင်းပနိုင်သော်လည်း နောင်လာနောင်သားလူငယ်များ ဆရာတော်ကြီး၏ဂုဏ်ကျေးဇူးကို သိရှိမှုအားနည်းလာခြင်းမရှိစေရန်ရည်ရွယ်ပြီး ဆရာတော်ဦးဥတ္တမဒီရေတောအဖြစ်အမည်ပေးရန်ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ဦးဆောင်ကြိုးပမ်းနေသူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူ ကိုမျိုးလွင်က နိရဥ္စရာသို့ပြောသည်။
ကိုမျိုးလွင်က "ရခိုင်မှာ ဆရာတော်ဦးဥတ္တမပန်းခြံ၊ အားကစားကွင်းဆိုတာတော့ ရှိတယ်။ ဦးဥတ္တမဒီရေတောဆိုတာမရှိသေးဘူး။ ဒါကြောင့် ဆရာတော်ဦးဥတ္တမဒီရေတောလုပ်ပြီး ဘေးမဲ့တောလုပ်ချင်ပါတယ်။"ဟု ပြောသည်။
ဦးဥတ္တမဒီရေတောအဖြစ် အမည်ပေးရန်ပြင်ဆင်နေသည့်ဒီရေတောမှာ အမ်းမြို့နယ်ရှိ သံဇစ်မြစ်ဖျားမြစ်လယ်မှ လူပုဂ္ဂိုလ်များ၏ပိုင်ဆိုင်မှုများနှင့်အလှမ်းဝေးသည့် ဧရိယာဧက (၅၀၀)ခန့်ရှိသော ကိုင်းကျွန်းဒီရေတောဖြစ်သည်။
အဆိုပါဒီရေတောအား ဦးဥတ္တမဒီရေတောအဖြစ် လာမည့် စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်မည့် ဦးဥတ္တမနေ့တွင် သတ်မှတ်သွားမည်ဟု ဆိုသည်။
ယင်းသို့သတ်မှတ်နိုင်ရန် ကိုင်းကျွန်းဒီရေတောနှင့် ၅ မိုင်အတွင်းရှိသည့် ရေကောင်းချိန်ရွာ၊ ရှောက်ခြုံရွာနှင့် မျောက်ကိုက်ရွာတို့အပါအဝင် ကျေးွရာပေါင်း (၉)ရွာမှ ရပ်မိရပ်ဖများ၊ ကျောင်းထိုင်ဆရာတော်များ၊ ဒေသခံများနှင့် ယနေ့ စက်တင်ဘာ ၆ ရက်တွင် ဆွေးနွေးတိုင်ပင်သွားမည်ဟုလည်း ကိုမျိုးလွင်က ပြောသည်။
ဆရာတော်ဦးဥတ္တမဒီရေတောအဖြစ်သတ်မှတ်မည့် ယင်းကျွန်းပေါ်တွင် သစ်ခုတ်ခြင်း၊ ငှက်ပစ်ခြင်းများမပြုလုပ်စေဘဲ ဘေးမဲ့တောအဖြစ်သတ်မှတ်ရန် စီစဉ်ထားကြောင်းလည်း ပြောသည်။
ယခုအစီအစဉ်ကို ဒေသအာဏာပိုင်များကို အကြောင်းကြားထားခြင်းမရှိဘဲ မိမ်ိအစီအစဉ်ဖြင့်သာလုပ်ဆောင်သွားမည်ဟု ဆိုသည်။
"ဌာနဆိုင်ရာတွေနဲ့ပြောဆိုထားတာမရှိပါဘူး။ ပြောဆိုလို့လည်း တချို့တချို့အပိုင်းတွေက လက်မခံနိုင်တဲ့အပိုင်းတွေရှိရင် နောက်ဆုတ်ပေးလိုက်ရမှာစိုးလို့ ကျွန်တော်တို့မှာ ကိုယ့်အစီစဉ်နဲ့ကိုယ်လုပ်မယ်။ ဒီကျေးရွာတွေမှာရှိတဲ့ ဆရာတော်ကြီးတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဒီကျေးရွာတွေမှာရှိတဲ့ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေတော့ရှိတယ်လေ။ အဲ့ဒီအုပ်ချုပ်ရေးအဖွဲ့တွေကိုတော့ စာတင်သွားဖို့ရှိပါတယ်။"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အမ်းမြို့နယ်အုပ်ချုပ်ရေးမှူးဦးဌေးအောင်အားဆက်သွယ်မေးမြန်းရာ ယခုကိစ္စအပေါ် သူမသိသေးသည့်အတွက် အသေးစိတ်မပြောနိုင်သေးဟု နိရဥ္စရာကိုပြောသည်။
လာမည့်စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်မည့် (၈၂)နှစ်မြောက်ဆရာတော်ဦးဥတ္တမနေ့တွင် ဆရာတော်ဦးဥတ္တမဒီရေတောအဖြစ်သတ်မှတ်မည့်ကျွန်း၌ သစ်ပင် ၈၂ ပင်စိုက်ပျိုးသွားရန်လည်းရှိကြောင်း ကိုမျိုးလွင်က ပြောသည်။

ဆက်စပ် သတင်းများ