တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

မြို့အင်္ဂါရပ်နှင့်မညီဟုဆိုကာ စစ်တွေအဝေးပြေးကားဂိတ်ရှေ့ လမ်းဘေးစျေးဆိုင်တန်းများ ဖြိုဖျက်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 2.8k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၆/ ၂ဝ၂၁
ရခိုင်ပြည်နယ်၊ စစ်တွေမြို့အဝင်ရှိ အဝေးပြေးကားဂိတ်ရှေ့မှ လမ်းဘေးစျေးဆိုင်တန်းများသည် မြို့အင်္ဂါရပ်နှင့်မညီဟုဆိုကာ ယနေ့တွင် ဖြိုဖျက်ခံလိုက်ရသည်ဟု သိရသည်။
အဆိုပါဆိုင်ခန်းများကို ယနေ့ စက်တင်ဘာလ ၆ ရက် ညနေ ၅ နာရီခန့်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရဲတပ်ဖွဲ့တို့ပူးပေါင်း၍ ဖြိုဖျက်ခဲ့ခြင်း ဖြစ်သည်။
အဝေးပြေးကားဂိတ်ရှေ့မှ မီးစက်ကြီးလမ်းဆုံ (ရေပန်းအဝိုင်းအထိ) လမ်းဘေးဆိုင်ခန်း ၂ဝ ခန့်အား စက်တင်ဘာလ ၅ ရက်နေ့၌ နောက်ဆုံးထားဖယ်ရှားရန် စစ်တွေမြို့နယ်စည်ပင်သာယာရေးအဖွဲ့က သတိပေးစာထုတ်ပြန်ခဲ့သည်။
ယင်းနောက် ကားဂိတ်ရှေ့တည့်တည့်ရှိ ထမင်းဆိုင်တန်းများ၊ ကွမ်းယာဆိုင်များနှင့် ဖရဲသီးပွဲရုံများ စသည့် ဆိုင်ခန်း ၁ဝ ခန်းခန့်ကို ယနေ့တွင် ဖြိုဖျက်ခဲ့ကြခြင်းဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ဖြိုဖျက်ခံလိုက်ရသည့် ဆိုင်ခန်း ပိုင်ရှင်များ၏ သဘောထားအားမေးမြန်းရန် နိရဥ္စရာက ကြိုးစားခဲ့သော်လည်း အဆက်အသွယ်မရခဲ့ပါ။
အလားတူ ဖြိုဖျက်ရာတွင်ပါဝင်သည့် တာဝန်ရှိသူများအား နိရဥ္စရာက မေးမြန်းရန်ကြိုးစားခဲ့သော်လည်း မေးမြန်းခွင့်မရရှိခဲ့ပါ။
အခိုင်အမာကျူးကျော်ဆောက်လုပ်ထားသော ယင်း စျေးဆိုင်များအား သြဂုတ်လ ၂၉ ရက်နေ့အပြီး ဖယ်ရှားရှင်းလင်းရန်နှင့် အကယ်၍ လိုက်နာဆောင်ရွက်မှုမရှိပါက ရခိုင်ပြည်နယ်စည်ပင်သာယာရေးဥပဒေအရ တရားစွဲအရေးယူသွားရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က သြဂုတ်လ ၂၃ ရက်တွင် ပထမအကြိမ်ထုတ်ပြန်ခဲ့သည်ဟု သိရသည်။


ဆက်စပ် သတင်းများ