တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

စက်သုံးဆီစျေးနှုန်းများ အဆမတန်ထိုးတက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 3.8k


ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/ ၂ဝ၂၁
ယခုရက်ပိုင်းအတွင်း စက်သုံးဆီစျေးနှုန်းများ ထိုးတက်လာနေကြောင်း ရခိုင်ပြည်နယ် ဆီလုပ်ငန်းရှင်များအဖွဲ့မှ သိရသည်။
ယခုရက်ပိုင်းအတွင်း စျေးနှုန်းများအဆမတန်ထိုးတက်လာခြင်းမှာ ဒေါ်လာစျေးအတက်အကျပေါ်တွင်မူတည်နေပြီး စက်သုံးဆီစျေးနှုန်းများ ထပ်တက်လာနိုင်ခြေရှိသည်ဟုလည်း ရခိုင်ပြည်နယ် ဆီလုပ်ငန်းရှင်များအဖွဲ့ ဒုဥက္ကဋ္ဌ ဦးသန်းရွှေက နိရဥ္စရာကို ပြောသည်။
“ဆီစျေးကတော့ နည်းနည်းချင်းတော့ တက်နေတာပဲဗျ။ ကျွန်တော်ထင်ပါတယ်။ ၃ လလောက်ရှိပြီ။ ပထမတော့ အဲလောက်မတက်ဘူး။ နည်းနည်းတက်လာပြီး အခုကတေ့ နည်းနည်းကြမ်းလာတာပေါ့။ ဒေါ်လာစျေးကလည်း အဆမတန်ခုန်တက်သွားတော့ ဆီစျေးကလည်း သူနဲ့လိုက်ပြီးတက်တာလေ။ ဒီနေ့ ရန်ကုန်မှာလည်း အတက်တော်တော်များပါတယ်” ဟုပြောသည်။
စစ်တွေရှိ ကျော်ဇံဆီဆိုင်ကြီးတွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်အထိ စက်သုံးဆီစျေးနှုန်းများမှာ ဒီဇယ် ၁ လီတာလျှင် (၁၂၅၅)ကျပ်၊ ပရီမီယာ ၁ လီတာလျှင် (၁၂၇၅) ကျပ်၊ အောက်တိန်-92 ၁ လီတာ (၁၂၉၅)ကျပ်နှင့် အောက်တိန်း-95 ၁ လီတာ (၁၃၅ဝ) ကျပ်ဖြစ်နေပြီး ရန်ကုန်ရှိ ကာလပေါက်စျေးနှုန်းထက် ပျဉ်းမျှ ၁ဝဝ ကျပ်နှုန်း ကွာခြားကြောင်း ဦးသန်းရွှေက ဆက်ပြောသည်။
စက်သုံးဆီစျေးနှုန်းများမှာ လွန်ခဲ့သည့် ဇွန်လခန့်က အောက်တိန်း (92) ၁ လီတာကို ရဝဝ ကျပ်ခန့်သာရှိခဲ့ရာမှ ယနေ့တွင် ၁ လီတာလျှင် ၁၃ဝဝ ခန့်အထိ မြင့်တက်သွားခဲ့ခြင်းဖြစ်သည်။
ယခုအခါ စက်သုံးဆီများကိုအားထား၍ အလုပ်လုပ်ကိုင်နေရသူများအနေဖြင့် အခက်အခဲရှိလာနေကြောင်း စစ်တွေမြို့မှ ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးအောင်ကြည်မိုးက ပြောသည်။
“ဆီစျေးတက်လာတာဟာ ကျွန်တော်တို့ ကားသမားတွေ၊ ဆိုင်ကယ်သမားတွေအတွက် အခက်အခဲဖြစ်တယ်။ တစ်ခါတလေကျရင် ပတ်မောင်းရတာတွေရှိရင် ရရင် သုံးထောင်ထက်မရဘူး။ အဲလိုအခက်အခဲရှိတယ်။ ဒီနေ့ဆိုရင် မနက်က ကျွန်တော်ဆီသွားထည့်တော့ ၁၂၈ဝ ကနေ နေ့လယ်ကျတော့ ၁၃ဝဝ ဖြစ်သွားတယ်။ ဒီထက်တက်လာရင် ကားတွေရပ်ထားလိုက်ရတော့မယ်” ဟုပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် ရွှေစျေး၊ ဒေါ်လာစျေးမြင့်တက်လျက်ရှိလာနေပြီး အခြေခံစားသောက်ကုန်များမှာလည်း ယခင်ကထက် စျေးနှုန်းထက်ဝက်နီးပါး တက်လာနေကြောင်း ဒေသခံများ၏ပြောပြချက်အရသိရသည်။
ယနေ့ စက်တင်ဘာလ ၁၁ ရက် နေ့လယ် ၁၂ နာရီကျော်တွင် ရွှေစျေးနှုန်းပေါက်စျေးမှာလည်း ၁၉ သိန်း ၁ သောင်းကျပ်နှုန်းဖြင့် စံချိန်တင်မြင့်တက်လျက်ရှိနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ