တနင်္ဂနွေ၊ မေလ ၁၉ရက်၊ ၂၀၂၄

နိုင်ငံတကာအဖွဲ့အစည်းအချို့ကို မူမမှန်သည့်လုပ်ရပ်ကြောင့် ရခိုင်တွင်သွားလာခွင့်ကန့်သတ်ထားဟုပြည်နယ်အစိုးရပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 7.1k

ချစ်အိလှိုင်

နိရဥ္စရာ၊ စက်တင်ဘာ ၁၈/ ၂ဝ၂၁

နိုင်ငံတကာအဖွဲ့အစည်းတချို့တို့မှာ မူမမှန်သည့် လုပ်ရပ်များကြောင့် ရခိုင်ပြည်နယ်တွင် ားလာခွင့်ကို ကန့်သတ်ရခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

တချို့နေရာတွေမှာ နားလည်မှုလွဲတာက အန်ဂျီအိုတွေအပိုင်းတွေက သူတို့ သွားတဲ့လာတဲ့ နေရာတွေမှာ သူတို့အခက်အခဲတွေရှိတယ်လို့ ပြောတဲ့ဟာလေးတွေလည်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ စိစစ်ကြည့်တဲ့အခါကျတော့ သူတို့က သွားလိုတဲ့နေရာကျတော့ သူတို့ ရောက်အောင် သွားတယ်။ မသွားချင်တဲ့နေရာကျတော့ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ ဒီလိုလေးတွေ အပြန်အလှန်လေးတွေတော့ ရှိတယ်ဟု ပြောသည်။

ရခိုင်ပြည်နယ်အစိုးရ၏ယခုကဲ့သို့ပြောဆိုချက်များနှင့်ပတ်သက်ပြီး UNNGO နှင့် INGO များ၏ သဘောထားအား ရယူနိုင်ခြင်းမရှိခဲ့ပါ။

ရခိုင်ပြည်နယ်အတွင်းလုပ်ကိုင်နေကြသည့် UNNGO နှင့် INGO များ၏ လုပ်ငန်းများအနက် လုပ်ငန်း(၄)ခုကိုသာ ဆောင်ရွက်ကြရန် ပြည်နယ်အစိုးရအဖွဲ့က ဇူလိုင်လ ၁၂ ရက်တွင် ကန့်သတ်ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

ယင်းလုပ်ငန်း(၄)ခုမှာ စားနပ်ရိက္ခာထောက်ပံ့ခြင်းလုပ်ငန်း၊ ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းထောက်ပံ့ခြင်းလုပ်ငန်း၊ မဖြစ်မနေဆောင်ရွက်ရမည့်ကျန်းမာရေးလုပ်ငန်းနှင့် ရေနှင့်မိလ္လာရေဆိုး စနစ်ဆောင်ရွက်ခြင်းလုပ်ငန်းတို့ဖြစ်သည်။

ယင်းလုပ်ငန်း (၄)ခုမှအပ ကျန်စီမံကိန်းလုပ်ငန်းများကို ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားနေစဉ်ကာလအတွင်း လုံးဝဆောင်ရွက်ခြင်းမပြုကြရန်လည်း ပြည်နယ်အစိုးရက တားမြစ်ခဲ့သည်။

ရခိုင်ရှိ စစ်ဘေးရှောင်စခန်းအချို့၌ ထောက်ပံ့ပေးနေသည့် နိုင်ငံတကာအဖွဲ့အစည်းအချို့ လက်ရှိအချိန်အထိ လုပ်ဆောင်ခွင့်တားမြစ်ခံထားရသဖြင့် စားနပ်ရိက္ခာထုတ်ယူရာတွင် အခက်အခဲများ ရှိလာနေသည်ဟုလည်း စစ်ဘေးရှောင်များက ပြောသည်။

ဘူးသီးတောင်မြို့နယ် လမ်းမကျောင်းစစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးဦးကျော်ဝင်းက ကျွန်တော်တို့ကို ICRC ကပေးတာတော့ မှန်ပါတယ်။ သူတို့ သတ်မှတ်ထားတဲ့နေရာက နယ်မှာပဲဖြစ်နေတော့ ကျွန်တော်တို့ သွားလို့ထုတ်ရတဲ့အခါ ခရီးစရိတ်အခက်အခဲဖြစ်တယ်။ ကျွန်တော်တို့ကြားတာက ဒီမြို့ပေါ်မှာ ICRC အနေနဲ့ပေးပိုင်ခွင့်မရှိဘူး။ နယ်မှာပဲပေးရတယ်ဆိုတော့ ကျွန်တော်တို့ နယ်မှာပဲ သွားထုတ်ရတယ်ပေါ့ဟုပြောသည်။

ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင်စခန်းတွင်လည်း နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီအထောက်အပံ့များမရရှိသည်မှာ ယခု ၂ဝ၂၁ ခုနှစ်မှစ၍ လုံးဝမရရှိတော့ကြောင်း၊ လူကယ်ပြန်ကပေးသည့် တစ်ဦးလျှင် ဆန်တစ်ဗူးခန့်ဖြင့်သာ ရပ်တည်နေရကြောင်း အဆိုပါစခန်းမှ ကူညီရေးအဖွဲ့ကော်မတီ ဝင် ကိုအောင်မင်းစိုးက ပြောသည်။

အရင် ICRC နဲ့ CSI ဆိုပြီးတစ်ဖွဲ့ရောက်ပါတယ်။ WFP တို့ကလည်း အရင်တုန်းက ရောက်တယ်။ အခု ဘယ်ကမှ မရောက်တော့တာကြာပါပြီ။ သူတို့ပြောတာက ပြည်နယ်အစိုးရဆီက ခွင့်ပြုချက်မရဘူးလို့ပြောတယ်။ သူတို့မှာ ပေးဖို့အတွက် အားလုံးအဆင်သင့်ရှိတယ်လို့ပြောတယ်။ သို့သော်ခွင့်ပြုချက်မရှိတဲ့အတွက် သွားလို့လာလို့အဆင်မပြေဘူးလို့ ပြောတယ်ဟုပြောသည်။

သို့ရာတွင် ပေါက်တောမြို့နယ်ငှက်ချောင်း မူဆလင်ဒုက္ခသည်စခန်းမှာမူ နိုင်ငံတကာအဖွဲ့အစည်းများမှ အကူညီများ ပုံမှန်ရရှိနေကြောင်း သိရသည်။

ငှက်ချောင်းဒုက္ခသည်စခန်းမှ ဦးမောင်နုချေက “WFP က ဆန်၊ ဆီ၊ ဆားရတယ်။ တခြားအဖွဲ့နှစ်ခုသုံးခုကလည်းရတယ်။ အစိုးရကတော့ ထောက်ပံ့ပေးတာတစ်ခုမှ မရှိဘူး။ WFP တို့ကထောက်ပံ့တာတွေတော့ လတိုင်းရတယ်။ တစ်ခါမှ မပျက်ဘူးဟုပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေ ကိုးသောင်းကျော်နှင့် IDPs စခန်းများရှိ မူဆလင်ဦးရေ တစ်သိန်းကျော်အထိရှိနေကြာင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး (REC)၏ စာရင်းများအရ သိရသည်။


(Photo by AHA Center)

ဆက်စပ် သတင်းများ