တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ဦးညီပုနှင့်ဦးမင်းအောင်တို့ မဲမသမာမှုပုဒ်မတို့ဖြင့် ထောင်ဒဏ် ၄ လစီချမှတ်ခံရပြီးနောက် ဒဏ်ငွေကျပ် ၅ သောင်းစီလာဆောင်၍ ထောင်ဒဏ်ကိုပယ်ဖျက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဧပြီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.9k

မြထွီးသျှင်
နိရဉ္စရာ၊ ဧပြီ ၆ / ၂၀၂၂
ရွေးကောက်ပွဲနှင့်ဆိုင်သည့်အမှုဖြင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် ဦးမင်းအောင်တို့သည် မဲမသမာမှုပုဒ်မတို့ဖြင့် ယနေ့ရုံးချိန်းတွင် ထောင်ဒဏ် ၄ လစီချမှတ်ခံလိုက်ရပြီးနောက် မြို့နယ်တရားရုံးသို့ ဒဏ်ငွေ ၅ သောင်းစီလာဆောင်၍ ထောင်ဒဏ်မှကင်းလွတ်ခွင့် ရသွားပြီဖြစ်ကြောင်း သိရသည်။
တရားခွင်အတွင်း ထောင်ဒဏ်အမိန့်ချမှတ်ပြီးနောက်ပိုင်းမှသာလျှင် စစ်တွေမြို့နယ်တရားရုံးသို့ ငွေဒဏ် ၅ သောင်းစီ
လာဆောင်ခြင်းဖြစ်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် အထက်တန်းရှေ့နေဦးကျော်စိုးလင်းက နိရဉ္စရာကိုပြောသည်။
"သူတို့ပါတီကတစ်ယောက်လာပြီး ငွေဒဏ်ဆောင်လိုက်တယ်တဲ့။ ဒီလိုလာဆောင်လို့ရတယ်ပေါ့နော်။ အဓိကက ဒဏ်ငွေဆောင်ဖို့လိုတာပါ "ဟု ပြောသည်။
သူတို့နှစ်ဦးအနက် ဦးညီပုသည် မဲမသမာမှုပုဒ်မ ၁၃ဝ (က)ဖြင့်လည်းကောင်း၊ ဦးမင်းအောင်သည် မဲမသမာမှုပုဒ်မ ၁၃ဝ (က)နှင့်အတူ မဲမသမာမှုကိုအားပေးကူညီမှုပုဒ်မ ၁ဝ၉ ဖြင့်လည်းကောင်း ယနေ့ ဧပြီလ ၆ ရက်ရုံးချိန်းတွင် စစ်တွေမြို့နယ်တရားရုံးက ထောင်ဒဏ် ၄ လစီချမှတ်ခံရခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ငွေဒဏ်ကျပ် ၅ သောင်းဆောင်ပြီးပြီဖြစ်၍ ထောင်ဒဏ် ၄ ကျခံရခြင်းမှ လွတ်မြောက်သွားပြီဖြစ်သည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့သည် ပြီးခဲ့သည့် ၂ဝ၂ဝ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုကိစ္စရပ်များကို ပြုလုပ်ခဲ့သည်ဆိုကာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀(က)ဖြင့် ရခိုင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးသူရိန်ထွဋ်က တရားလိုလုပ်ကာ တရားစွဲဆိုခံခဲ့ရခြင်းဖြစ်သည်။
ယင်းအထဲမှ စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်သည် ဦးညီပု၏ ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ပုဒ်မ ၁၀၉ ဖြင့်လည်း ထပ်တိုးတရားစွဲဆိုခံခဲ့ရသည်။
သူတို့နှစ်ဦးသည် ယင်းပုဒ်မများဖြင့် စစ်တွေအကျဉ်းထောင်အထူးတရားရုံးတွင် ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ရုံးချိန်း၌ စွဲချက်တင်ခံလိုက်ရခြင်းဖြစ်သည်။
သူတို့နှစ်ဦးကို အခြားဝန်ကြီးဟောင်း ၃ ဦးနှင့်အတူ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် စစ်တွေအကျဉ်းထောင်အထူးတရားရုံးက ထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပြီး ထိုအထဲတွင် ဦးညီပုကို ထောင်ဒဏ် ၉ နှစ်နှင့် ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ် ချမှတ်ခဲ့သည်။
ယင်းအပြင် ဦးညီပုတွင် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နှင့်လည်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသေးသည်။

ဆက်စပ် သတင်းများ