တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ULA/ AA ဦးဆောင်သော ရခိုင်ပြည်သူ့အစိုးရ၏ သတင်းစာရှင်းလင်းပွဲ ဇွန် ၁၄ ရက်တွင် ပြုလုပ်မည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 10.1k

နိရ ဉ္စရာ၊ ဇွန် ၆ / ၂ဝ၂၂
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA)/ ရက္ခိုင့်တပ်တော် (AA)ဦးဆောင်သော ရခိုင်ပြည်သူ့အစိုးရ၏ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁၄ ရက်တွင် ပုံမှန်အတိုင်း ကျင်းပသွားမည်ဟု သိရသည်။
အဆိုပါသတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁၄ ရက် နံနက် ၁ဝ နာရီတွင် ပုံမှန်အတိုင်းကျင်းပသွားမည်ဟု ယမန်နေ့ ဇွန်လ ၅ ရက်ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ULA/ AA ၏သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့သည့် မတ်လနှင့် ဧပြီလတို့တွင်ဆက်တိုက်ကျင်းပခဲ့သော်လည်း မေလအတွင် ကျင်းပခြင်းမရှိခဲ့ပေ။ ထူးခြားသည့်အကြောင်းအရာများမရှိခဲ့ခြင်းကြောင့် မေလအတွင်း မကျင်းပခဲ့ခြင်းဟု ULA/ AA က ဆိုထားသည်။
ယခင်လများက သတင်းစာရှင်းလင်းပွဲကျင်းပခဲ့စဉ် ULA/AA က ရခိုင်ပြည်သူ့အစိုးရဟု ထုတ်ပြန်သုံးနှုန်းခြင်းမရှိခဲ့သော်လည်း ယခုထုတ်ပြန်ချက်တွင် အဆိုပါအသုံးအနှုန်းကို သုံးနှုန်းထားသည်ကိုတွေ့ရသည်။
ULA/AA က ပြီးခဲ့သည့် မေလ ၁၆ ရက်က အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)နှင့် အွန်လိုင်းမှတွေ့ဆုံပွဲအပြီး NUG က ULA/AA ကို ရက္ခိုင်ပြည်သူ့အစိုးရဟု သုံးနှုန်းထုတ်ပြန်ခဲ့ပြီးနောက် ULA/AA ကလည်း ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
ယခုကျင်းပမည့်သတင်းစာရှင်းလင်းပွဲကို ယခင် ၂ ကြိမ်ကကဲ့သို့ ရခိုင်ဘာသာစကားဖြင့် ပြုလုပ်မည်ဖြစ်ပြီး သတင်းသမားများအနေဖြင့် တစ်ဦးလျှင် မေးခွန်း ၂ ခုအပြင် ထပ်ဆင့် မေးခွန်းတစ်ခုလည်း မေးခွင့်ပြုမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
သတင်းစာရှင်းလင်းပွဲတွင် သတင်းရယူလိုသည့် သတင်းသမားများအနေဖြင့် ဇွန်လ ၁၀ ရက်နေ့ကို နောက်ဆုံးထား၍ မေးခွန်းများကို ပေးပို့ရမည်ဖြစ်ပြီး နောက်ကျမှ ရောက်လာသော မေးခွန်းများကို ဖြေကြားမည်မဟုတ်ဟု ဆိုထားသည်။
သတင်းသမားများအနေဖြင့် မေးမြန်းလိုသည့်မေးခွန်းများကို [email protected] သို့ Mail ပေးပို့ရမည်ဖြစ်ပြီး သတင်းစာရှင်းလင်းပွဲတက်ရောက်ရန် https://forms.gle/9VtAioBVDp4oCuET6 တွင် ဝင်ရောက်စာရင်းပေးသွင်းရမည်ဖြစ်သည်။ (NN-2)

ဆက်စပ် သတင်းများ