တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

AA အတွက် အခွန်ကောက်ခံပေးသည်ဟုဆိုကာ ကျောက်ဖြူမြို့ခံ ၂ ဦး နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မဖြင့် စွဲချက်တင်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 765

နိရဥ္စရာ၊ ဇွန် ၁ဝ/၂၀၂၂
ရက္ခိုင့်တပ်တော် (AA)အတွက် အခွန်ကောက်ခံပေးသည်ဟုဆိုကာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှ ဒေသခံ ၂ ဦးသည် နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ ၅ဝ၅(က)ဖြင့် ယနေ့တွင် စွဲချက်တင်ခံလိုက်ရသည်ဟု သိရသည်။
စွဲချက်တင်ခံလိုက်ရသူများမှာ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်မှ ဦးသန်းလှိုင်(၄၁ နှစ်)နှင့် ဒေါ်ခင်အုန်းနွဲ့(၅၆ နှစ်)တို့ဖြစ်ကြပြီး ယနေ့ ဇွန်လ ၁ဝ ရက် နံနက် ၁ဝ နာရီခန့်တွင် ကျောက်ဖြူမြို့နယ်တရားရုံး၌ စွဲချက်တင်ခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက နိရဥ္စရာကို ပြောသည်။
ဒေါ်ခင်အုန်းနွဲ့၏သမီး မမြနှင်းနွဲ့အောင်က “သူတို့က သက်သေလည်း အထောက်အထားမရှိဘဲ လူတစ်ယောက်ကို ဗြုန်းစားကြီးဖမ်းသွားတာဆိုတော့ အမြန်ဆုံးတော့ လွတ်စေချင်တယ်။ ကျမအမေဆီက သက်သေအထောက်အထားလည်း တစ်ခုမှမတွေ့ဘူးလေ။ ပြီးတော့ သူတို့က ဖမ်းဝရမ်းနဲ့ အိမ်တိုင်ယာရောက်လာဖမ်းတာလည်း မဟုတ်ဘူး။ လမ်းမှာ ဖမ်းသွားတာ”ဟု ပြောသည်။
ဒေါ်ခင်အုန်းနွဲ့သည် ပန်းနာရင်ကျပ်ဝေဒနာခံစားနေရသူဖြစ်ပြီး နေအိမ်တွင် အမြဲမပြတ်ဆေးသောက်နေရသူဖြစ်၍ ချုပ်နှောင်ခံထားရချိန် တစ်ခုခုဖြစ်သွားမည်ကို စိုးရိမ်မိသည်ဟုလည်း ဆိုသည်။
အလားတူ ဒေါ်ခင်အုန်းနွဲ့နှင့်အတူဖမ်းဆီးခံလိုက်ရပြီး ပုဒ်မ ၅ဝ၅(က)ဖြင့် စွဲချက်တင်ခံလိုက်ရသည့် ဦးသန်းလှိုင်သည် သားသမီး ၂ ဦးကို ဆိုင်ကယ်ဘေးတွဲမောင်းနှင်ကာ ရှာကျွေးနေသူဖြစ်ပြီး မည်သည့်အခွန်မှကောက်ခံခြင်းမရှိ၍ အမြန်ဆုံးလွှတ်ပေးစေလိုသည်ဟု ဇနီးဖြစ်သူ ဒေါ်ချိုချိုသိန်းက နိရဥ္စရာကိုပြောသည်။
ဒေါ်ခင်အုန်းနွဲ့နှင့် ဦးသန်းလှိုင်တို့ ၂ ဦးကို ပြီးခဲ့သည့်မေလ ၂၆ ရက် ညနေ ၄ နာရီကျော်ခန့်က ကျောက်ဖြူမြို့ရှိ ရွှေဥထမင်းဆိုင်အနီးတွင် ကျောက်ဖြူအခြေစိုက် ခလရ(၃၄)တပ်ရင်းမှ တပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခြင်းဖြစ်သည်။
ယင်းနောက် သူတို့သည် ကျောက်ဖြူအကျဉ်းထောင်သို့ပို့ဆောင်ခံရကာ ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။
လက်ရှိတွင် သူတို့အမှုကို လာမည့် ဇွန်လ ၂၃ ရက်တွင် ရုံးချိန်းခေါ်ယူထားသည်ဟု သိရသည်။
ရခိုင်မှ မြို့နယ်အချို့တွင် ရက္ခိုင့်တပ်တော် (AA)နှင့်ပတ်သက်သည်ဟုဆိုကာ စစ်တပ်က ရပ်ကွက်၊ ကျေးရွာများသို့ ဝင်ရောက်စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းများရှိနေသလို အချို့ဒေသခံများမှာ စစ်ဆေးမေးမြန်းခြင်းခံရမည်ကို စိုးရိမ်၍ ရှောင်တိမ်းနေရသူများလည်း ရှိနေသည်ဟု သိရသည်။ (NN-2)

ဆက်စပ် သတင်းများ