တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်တွင် စစ်ကောင်စီဒုတပ်ကြပ်လင်မယား ၂ ဦးကို AA ခေါ်ဆောင်သွားပြီးနောက် စစ်သားအများအပြား မြို့ထဲသို့ဝင်ရောက်နေရာယူထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k

နိရဥ္စရာ၊ ဇွန် ၁၁/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် စစ်ကောင်စီဒုတပ်ကြပ်လင်မယား ၂ ဦးကို ရက္ခိုင့်တပ်တော်(AA)က ခေါ်ဆောင်သွားပြီးနောက် စစ်သားအများအပြားသည် မြို့ထဲသို့ဝင်ရောက်နေရာယူထားကြသည်ဟု မြို့ခံများက ပြောသည်။
ခေါ်ဆောင်ခြင်းခံရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် လင်မယား ၂ ဦးမှာ ကျောက်တော်မြို့ရှိ မြစိမ်းရောင်တည်းခိုခန်းတွင်တည်းခိုနေကြသူများဖြစ်ပြီး ယနေ့ ဇွန်လ ၁၁ ရက် နံနက် ၁၁ နာရီခန့်က ကျောက်တော်မြို့မစျေးသို့ စျေးဝယ်လာစဉ် ရက္ခိုင့်တပ်တော်(AA)က ခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“စျေးဝယ်လာတဲ့အခါ ခေါ်သွားတာ။ အခုတော့ စစ်တပ်က ဝိုင်းထားတယ်။ သတင်းက မှန်တယ်”ဟု ပြောသည်။
ယင်းသို့ခေါ်ဆောင်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆ဝ ခန့်သည် ကား ၂ စီးဖြင့် မြို့တွင်းသို့ စတင်ဝင်လာပြီး မြို့မစျေးအနီးတဝိုက်နှင့် မြို့လယ်ရှိ သာသနာ့ဗိမာန်အနီးတို့တွင် နေရာအပြည့်ယူထား၍ စျေးကိုလည်း ညနေ ၆ နာရီတွင်ပိတ်မည့်အစား နေ့လယ်မှစတင်ကာ မိမိအစီအစဉ်ဖြင့်ပိတ်လိုက်ကြသည်ဟုလည်း မြို့ခံများက ပြောသည်။
နောက်ထပ်မြို့ခံတစ်ဦးက “မြို့ထဲမှာတော့ နည်းနည်း သတိဝိရိယနဲ့တော့ အသွားအလာရှိကြတယ်။ ပုံမှန်တော့ မဟုတ်တော့ဘူးလေ။ စျေးလည်း စောစောကနေပိတ်ပြီး အိမ်ပြန်သွားကြပြီလို့ သိရတယ်”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော်(AA)၏ပြောခွင့်ရသူ ဦးခိုင်သုခကို နိရဥ္စရာက ဆက်သွယ်မေးမြန်းထားသော်လည်း အကြောင်းပြန်ကြားမှုမရှိသေးပါ။
ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ခေါ်ဆောင်ခံရသူနှစ်ဦးနှင့်ပတ်သက်သည့်အသေးစိတ်ကို နိရ ဉ္စရာက ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ယနေ့ ညနေ ၇ နာရီကျော်အထိ ကျောက်တော်ရထားဘူတာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကား ၂ စီးနှင့် သာသနာ့ဗိမာန်သို့ နောက်ထပ် ၇ စီး ထပ်မံဝင်ရောက်လာသည်ဟု မြို့ခံများက ပြောသည်။
ယင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားအများအပြားဝင်ရောက်နေရာယူထားကြ၍ မြို့တွင်းတွင်လည်း အသွားအလာနည်းပါးလျက်ရှိသည်ဟု သိရသည်။ (NN-2)

ဆက်စပ် သတင်းများ