တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရက္ခိုင့်တပ်တော်(AA)ထံ ထွက်ပြေးခိုလှုံသူစစ်ကောင်စီတပ်သားရာချီရှိနေဟု AAပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 7.7k

နိရဉ္စရာ
ဇွန် ၁၄/၂၀၂၂
စစ်တပ်အာဏာသိမ်းပြီးနောက် ရက္ခိုင့်တပ်တော်(AA)ထံ ထွက်ပြေးခိုလှုံသူ စစ်ကောင်စီတပ်သား ရာချီရှိနေဟု AAပြောခွင့်ရသူ ဦးခိုင်သုခက ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင်ပြုလုပ်သည့် တတိယအကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲတွင်ပြောဆိုသည်။
"AA ဆီကို ထွက်ပြေးလာတဲ့ စစ်သားအရေအတွက်ဟာ ရာနဲ့ချီရှိပါတယ်။ အဲ့ဒီလူတွေကို ကျွန်တော်တို့ တတ်နိုင်သမျှ လူသားချင်းစာနာမှုအပြည့်နဲ့ ကူညီပေးနေတာရှိပါတယ်။ လူအရေအတွက် အတိအကျကိုတော့ ကျွန်တော်တို့ထုတ်ပြောဖို့မရှိပါဘူး"ဟု ပြောသည်။
AAထံ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား အရေအတွက် ရာချီ ရှိနေပြီဟုသာပြောဆိုပြီး အရေအတွက်အတိအကျကို ရက္ခိုင့်တပ်တော် AA က ထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပေ။
ရက္ခိုင့်တပ်တော် AA ထံ ထွက်ပြေးလာသူများကို လူသားချင်းစာနာမှု အကူအညီများပေးထားပြီး နေရာချထားမှုများ လုပ်ဆောင်ပေးနေကြောင်း ဦးခိုင်သုခက ပြောသည်။
"ထွက်ပြေးလာတဲ့လူတွေ ကျွန်တော်တို့ဆီရောက်လာရင်တော့ အတက်နိုင်ဆုံးကူညီတာတွေ၊ နေရာချထားတာတွေ ကျွန်တော်တို့ဘက်က လုပ်ဆောင်ပေးနေတယ်ဆိုတာကို ဖြေကြားလိုပါတယ်"ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်မှစကာ ယခုချိန်ထိ မြန်မာစစ်တပ်မှ တပ်သားများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ ထွက်ပြေး ခိုလှုံမှုများ ဆက်တိုက်ရှိနေကြောင်း သိရသည်။
N-007

ဆက်စပ် သတင်းများ