တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦး တိန်ညိုရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8k

နိရ ဉ္စရာ၊ ဇွန် ၁၇/၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ တိန်ညိုကျေးရွာရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးကို ယနေ့နံနက်တွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်ဒေသခံများက ပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ တိန်ညိုရဲစခန်းမှ အသက် ၄၀ ခန့်ရှိသည့် ဂတ်စာရေးတစ်ဦး ဖြစ်ပြီး ယနေ့ ဇွန်လ ၁၇ ရက် နံနက် ၈ နာရီခန့်တွင် တိမ်ညိုကားဂိတ်အနီး AA တပ်ဖွဲ့ဝင်များက လာရောက်ဖမ်းဆီးခေါ်သွားခြင်းဖြစ်ကြောင်း မျက်မြင်ဒေသခံတစ်ဦးက ပြောသည်။
"သူအဖမ်းခံရတုန်းကတော့ ရိုးရိုးအဝတ်နဲ့ပါသွားတာ။ အသက်ကတော့ အငယ်မဟုတ်ဘူး။ အကြီးပိုင်းပေါ့နော်။ သူ့ကိုဖမ်းသွားပြီးနောက်ပိုင်းတော့ ရွာထဲကိုဝင်ပြီး စစ်ဆေးမေးမြန်းတာတွေတော့ မရှိဘူး"ဟုပြောသည်။
လက်ရှိတွင် ထိုရဲတပ်ဖွဲ့ဝင်ဖမ်းဆီးခံရခြင်းကိစ္စနှင့်ပတ်သက်၍ တိန်ညိုရွာထဲတွင် ဒေသခံများအား စစ်ဆေးမေးမြန်းတင်းကျပ်မှုများ မရှိသေးဘဲ အခြေအနေမှာတည်ငြိမ်နေဆဲဖြစ်ကြောင်း ဒေသခံအမျိုးတစ်ဥိီးက ပြောသည်။
"သူ့ကိုဖမ်းသွားတာကတော့ သေချာတယ်။ သူက တိမ်ညိုရဲစခန်းက ရဲသားလို့တော့ ပြောနေကြတယ်။ လောလောဆယ်တော့ ရွာသားတွေကို စစ်ဆေးတာတွေမရှိသေးဘူး" ဟုုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ပါ။
ယမန်နေ့ ဇွန်လ ၁၆ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို AA ကဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ပုဏ္ဏားကျွန်းမြို့အတွင်း အရပ်သားဒေသခံများအား ဖမ်းဆီးစစ်ဆေးခြင်းများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်ကလည်း ကျောက်တော်မြို့မစျေးအနီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို AA က ဖမ်းဆီးသွားခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့်လနှင့် ယခုလတို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရက္ခိုင့်တပ်တော်(AA)တပ်ဖွဲ့ဝင်များ၏နေအိမ်များသို့ ညဥ့်အချိန်ဝင်ရောက်ကာ ဖမ်းဆီးမှုများရှိလာနေ၍ အရာရှိအချို့ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ယခုကဲ့သို့ဖမ်းဆီးရခြင်းဖြစ်သည်ဟု ဇွန်လ ၁၄ ရက်က ပြုလုပ်ခဲ့သည့် ULA/AA ၏သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသွားခဲ့သည်။ (NN-8)

ဆက်စပ် သတင်းများ