တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းမြို့တွင် အရပ်သားအများအပြားကို စစ်တပ်ကဖမ်းဆီးထား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 8.2k

နိရဉ္စရာ
ဇွန် ၁၈/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ ၊ အေးစေတီဘုရားအနီးနှင့် အားကစားကျောင်းအနီးဝန်းကျင်တွင် ဒေသခံများကို ယနေ့နံနက်ကစပြီး စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများရှိနေကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်သားတစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးပြီးနောက် ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက်အထိ အရပ်သားများကို ဖမ်းဆီးစစ်ဆေးနေခြင်းဖြစ်ကြောင်း ပုဏ္ဏားကျွန်းမြို့ခံတစ်ဦးကပြောသည်။
" ဒီနေ့ မနက်၆ နာရီခန့်ကစပြီး လမ်းသွားလမ်းလာ အမျိုးသားမှန်သမျှကို ဖမ်းဆီးထားတယ်။ ဒီနေ့ မနက်စောစော စစ်တပ်က ပြန်ဝင်ပြီးတော့ ဈေးကိုဝိုင်းပြီး ယောကျ်ားမှန်သမျှကို ဖမ်းပြီး ထိုင်ခိုင်းထားတယ်။ မိန်းမတွေကိုတော့ လွှတ်ပေးတယ်" ဟု ပြောသည်။
ယနေ့ ဇွန်လ ၁၈ ရက်နေ့မနက်ပိုင်းတွင် မြန်မာစစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရသူ ၃၀ ခန့်ရှိနေပြီး အများစုမှာ ဘေးတွဲဆိုင်ကယ်မောင်းနှင်သူများနှင့် ဈေးဆိုင်ရောင်းချသူများဖြစ်ကြပြီး ယခင် ဖမ်းဆီးထားရသူများကိုလည်း ပြန်မလွှတ်ပေးသေးကြောင်း ၎င်းက ဆက်ပြောသည်။
"အဖမ်းခံရတာက ပထမဆုံး စဖြစ်တဲ့နေ့ကဖမ်းတာ ၁၂ ယောက်ရယ်၊ မနေ့ကတော့ ပါသွားလား၊ မပါသွားဘူးလားမသိဘူး။ ဒီနေ့ထပ်ပြီး ၃၀ ကျော်လောက်ရှိတယ်လို့ သိရတယ်။ အခုထိ မလွှတ်ပေးသေးဘူး။ အများစုက အဲ့ဒီနားအလုပ်လုပ်နေတဲ့သူတွေနဲ့ ဆိုင်ရှင်တွေပဲ များတယ်"ဟု ပြောသည်။
ပုဏ္ဏားကျွန်းမြို့ကို ညနေ ၆ နာရီ အပြင်မထွက်ရ ၁၄၄ အမိန့်ထုတ်ထားပြီး ယမန်နေ့ည ဇွန်လ ၁၇ ရက်နေကလည်း တစ်အိမ်တက်တစ်အိမ်ဆင်း ဝင်ရောက်စစ်ဆေးမှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
ဇွန်လ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ရက္ခိုင့်တပ်တော် (AA) က ဖမ်းဆီးခဲ့ပြီးနောက်ညနေပိုင်းတွင် စစ်ကောင်စီဘက်ကလည်း အရပ်သား ၁၂ ဦးကို ဖမ်းဆီးသွားကာ ညဉ့် ၁၁ နာရီခွဲခန့်အထိ သေနတ်ပစ်ခက်မှုများကို ပြုလုပ်ခဲ့သည်။
ဇွန်လ ၁၆ ရက်နေ့မှ ယနေ့ နံနက်ပိုင်း အချိန်အထိ ဖမ်းဆီးခံနေရသည့် အရပ်သား အနည်းဆုံး ၄၀ ကျော်ခန့်ရှိနေပြီး အတိအကျကို နိရဉ္စရာက အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။
အဆိုပါ ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီနယ်လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို ဖုန်းဆက်သွယ်သော်လည်း ဖုန်းလက်ခံ ဖြေဆိုခြင်း မရှိပါ။ NN-7
( ဓာတ်ပုံ- မူလပိုင်ရှင်ကို Credit ပေးပါသည်။)

ဆက်စပ် သတင်းများ