တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၃ ဦးကို AA က ထပ်မံဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 5.7k

နိရဉ္စရာ၊ ဇွန် ၂ဝ / ၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသော ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ညနေပိုင်းတွင် ထပ်မံဖမ်းဆီးခေါ်ဆောင်သွားသည်ဟု သိရသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူများမှာ ကျောက်တော်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသော ရဲအုပ် ၁ ဦး၊ ရဲတပ်ကြပ်ကြီး ၁ ဦးနှင့် ရဲတပ်သား ၁ ဦးတို့ဖြစ်ပြီး အသက် ၃ဝ နှစ်ခန့်မှ ၄ဝ နှစ်ကြားရှိသူတို့ဖြစ်သည်ဟု သိရသည်။
သူတို့ကို ယနေ့ဇွန်လ ၂ဝ ရက် ညနေ ၆ နာရီခန့်တွင် ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်းအနီး AA က ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု နိရဥ္စရာ၏သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
“သူတို့ အရက်ခိုးသောက်နေချိန်မှာ ဖမ်းသွားတာ။ ရုန်းရင်းဆန်ခတ်ဖြစ်တာတွေတော့ မရှိခဲ့ဘူး”ဟု ပြောသည်။
ဖမ်းဆီးခံရသူများတွင် ရခိုင် ၂ ဦးနှင့် ဗမာ ၁ ဦးပါဝင်သည်ဟု ဆိုသည်။
ဗမာ ၁ ဦးသည် စစ်ကိုင်းတိုင်းဒေသကြီးမှဖြစ်ပြီး ရခိုင် ၂ ဦးအနက် ၁ ဦးသည် ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှဖြစ်သည်ဟု သိရသည်။
နောက်ထပ် မြို့ခံတစ်ဦးကလည်း အဆိုပါရဲတပ်ဖွဲ့ဝင် ၃ ဦးဖမ်းဆီးခံရသည်မှာ ဟုတ်မှန်သည်ဟု နိရဥ္စရာကိုပြောသည်။
“ဒီသတင်းက အတိအကျဟုတ်ပါတယ်။ ရဲနာမည်တွေတော့ မသိသေးဘူး”ဟု ပြောသည်။
လက်ရှိ ကျောက်တော်မြို့တွင် အခြေအနေတည်ငြိမ်နေသော်လည်း မြို့တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိနေသည်ဟု မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၁ ရက်ကလည်း ကျောက်တော်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
အလားတူ ဇွန်လ ၁၆ ရက်တွင်လည်း ပုဏ္ဏားကျွန်းမြို့တွင် ဆောက်လုပ်ရေးပစ္စည်းများလာဝယ်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးကို AA က ဖမ်းဆီးခဲ့သည်။
ယင်းအပြင် ဇွန်လ ၁၇ ရက်တွင်လည်း မြောက်ဦးမြို့နယ် တိန်ညိုရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် အသက် ၄ဝ အရွယ် ရဲတပ်ဖွဲ့ဝင် ၁ ဦးကို AA က ဖမ်းဆီးခဲ့သည်။
ယင်းကြောင့် ဇွန်လ ၁၁ ရက်မှ ယနေ့ ဇွန်လ ၂ဝ ရက်အထိ ၁ဝ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၄ ဦးကို AA က ဖမ်းဆီးခေါ်ဆောင်ထားပြီဖြစ်သည်။
AA တပ်ဖွဲ့ဝင်များ၏နေအိမ်ကို ယခုနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညဥ့်အချိန်မတော် ဝင်ရောက်ဖမ်းဆီးခြင်းများပြုလုပ်သည့်အတွက် ယခုကဲ့သို့ ဖမ်းဆီးနေရခြင်းဖြစ်သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ဇွန်လ ၁၄ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့သည်။ (NN-2)
Photo - facebook

ဆက်စပ် သတင်းများ