တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ကျောက်တော်တွင် လုံခြုံရေးတိုးမြှင့်ထားပြီး အမျိုးသမီးငယ် ၄ ဦးအပါအဝင် ဒေသခံ ၃ဝ ဦးထက်မနည်း ဖမ်းဆီးခံနေရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 9.9k

နိရဥ္စရာ၊ ဇွန် ၂၁ /၂ဝ၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်က လုံခြုံရေး တိုးမြှင့်လျက်ရှိပြီး အမျိုးသမီးငယ် ၄ ဦးအပါအဝင် ဒေသခံ ၃ဝ ဦးထက်မနည်း ဖမ်းဆီးခံနေရသည်ဟု မြို့ခံများက ပြောသည်။
ကျောက်တော်မြို့တွင် ယနေ့ ဇွန်လ ၂၁ ရက် နံနက်ပိုင်းမှစတင်ကာ မြို့အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တင်းကျပ်စွာ ပိတ်ဆို့ထားပြီး မြို့တွင်းတွင်လည်း အချုပ်ကား ၁ စီးနှင့် စစ်ကောင်စီကား ၂ စီးတို့ဖြင့် လှည့်လည်ကာ မြို့ခံများကို လိုက်လံဖမ်းဆီးနေသည်ဟု မြို့ခံများက ပြောသည်။
ယနေ့ နေ့လယ် ၃ နာရီခန့်အချိန်အထိ အမျိုးသမီးငယ် ၄ ဦးနှင့် လူမှုရေး တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် မြို့ခံ ၃ဝ ထက်မနည်း ဖမ်းဆီးခံလိုက်နေရသည်ဟု မြို့ခံတစ်ဦးက ပြောသည်။
“သေချာတာကတော့ အမျိုးသမီးငယ် ၄ ယောက်ပါတယ်။ လူဦးရေအားဖြင့် အနည်းဆုံးကတော့ ၃ဝ လောက်ရှိမယ်။ အချုပ်ကားမှာတော့ ခေါင်းတွေ ပြူတစ်ပြူတစ်နဲ့ အပြည့်မြင်လိုက်တယ်”ဟု ပြောသည်။
ဖမ်းဆီးခံရသူများတွင် လမ်းသွားလမ်းလာများလည်း ပါဝင်သလို စျေးဆိုင်များနှင့် နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးခံရသူများလည်း ပါဝင်သည်ဟု ဆိုသည်။
ကျောက်တော်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ယမန်နေ့ ဇွန်လ ၂ဝ ရက် ညနေ ၆ နာရီခန့်က ကျောက်တော်မြို့ မြို့သစ် ရပ်ကွက်ရှိ ဘောလုံးကွင်းအနီး AA က ဖမ်းဆီးသွားပြီးနောက် ယမန်နေ့ညနှင့် ယနေ့တွင် ကျောက်တော်မြို့ပေါ်၌ စစ်ဆေးမှုများ တင်းကျပ်နေခြင်းဖြစ်သည်ဟု သိရသည်။
ယင်းသို့စစ်ဆေးမှုများတင်းကျပ်နေ၍ ကျောက်တော်မြို့မစျေးကိုလည်း နေ့တစ်ဝက်နှင့် ပိတ်လိုက်ရသလို စာသင်ကျောင်းများကိုလည်း နေ့တစ်ပိုင်းနှင့် ပြန်လွှတ်လိုက်ရသည်ဟု မြို့ခံများက ပြောသည်။
မြို့ခံများသည်လည်း နေအိမ်အပြင်မထွက်ရဲကြဘဲ စိုးရိမ်ကြောက်လန့် နေရသည်ဟု သိရသည်။ (NN-2)
ဓာတ်ပုံ - ဖမ်းဆီးမှုများကြောင့် လူသွားလူလာနည်းပါးနေသည့် ကျောက်တော်မြို့လယ် နေရာအချို့အား ယနေ့ ဇွန်လ ၂၁ ရက် နေ့လယ်ပိုင်းက တွေ့ရစဉ်။

ဆက်စပ် သတင်းများ