တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရမ်းဗြဲ ကျောက်နီမော်ရဲစခန်းမှ ရဲ ၂ ဦးကို AA ဖမ်းဆီးသွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3k


နိရဥ္စရာ၊ ဇွန် ၂၂/၂၀၂၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်တိုက်နယ်ရှိ ရဲစခန်းမှ ရဲတပ်သား ၂ ဦးကို ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည်ဟု သိရသည်။
ဖမ်းဆီးခံလိုက်ရသည့် ရဲ၂ ဦး၏ နာမည်နှင့် ရာထူး တို့ကို မသိရှိရသေးကြောင်းနှင့် မည်သည့်အတွက် ဖမ်းဆီးသွားသည်ကိုလည်း မသိရှိရကြောင်း ကျောက်နီမော်ကျေးရွာသားတစ်ဦးက ပြောသည်။
"ဒီမနက်က ရဲစခန်းအနားကပဲဖမ်းသွားတာပါ။ ၂ ယောက်အဖမ်းခံရတာတော့အမှန်ပါ"ဟု ဆိုသည်။
ယခုလိုရဲတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးသွားသည့်အတွက် စစ်ကောင်စီတပ်သားများ ဝင်ရောက်လာကာ စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်လာမည်ကို စိုးရိမ်နေကြရသည်ဟုလည်း အထက်ပါဒေသခံက ပြောသည်။
"အခုအချိန်ထိတော့ အေးဆေးပါပဲ။ စစ်ဆေးတာတွေ၊ စစ်သားတွေရောက်လာတာတွေ မရှိသေးဘူး"ဟု ယနေ့ညနေ ၅ နာရီခန့်က ဆိုသည်။
ရခိုင်ပြည်နယ်တွင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးမြို့တို့၌ AA က ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်သားများကို ဖမ်းဆီနေသည့်အတွက် စစ်ကောင်စီဘက်ကလည်း အရပ်သားများကို ဖမ်းဆီးမှုများ ရှိနေကြသည်။
အဆိုပါမြို့များတွင် အဖမ်းအဆီးအစစ်ဆေးများ တိုးမြှင့်နေသည့်အတွက် ဒေသခံများသည်လည်း အပြင်သို့မထွက်ရဲဖြစ်နေသည်ကြသည်ဟု သိရသည်။ (NN-11)

ဆက်စပ် သတင်းများ