တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

မြောက်ဦးတွင် စရဖ ၃ ဦးကို AA ဖမ်းဆီးသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 1.8k

နိရဥ္စရာ၊ ဇွန် ၂၂/၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ဝင်(စရဖ) ၃ ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည်မှာ ဟုတ်မှန်သည်ဟု အမည်မဖော်လိုသည့်သတင်းရင်းမြစ်တစ်ဦးက နိရဥ္စရာကိုပြောသည်။
“မနေ့ည ၈ နာရီလောက်မှာ စရဖ ၃ ယောက်ကို ဖမ်းသွားတယ်။ ၄ ယောက်တော့ မဟုတ်ဘူး။ ၃ ယောက်တည်း”ဟု ပြောသည်။
ယမန်နေ့ ဇွန်လ ၂၁ ရက် ည ၈ နာရီခန့်တွင် မြောက်ဦးမြို့ ညောင်ပင်စျေးရပ်ကွက်ရှိ မြောက်ဦး စရဖတာဝန်ခံ သမီးဖြစ်သူ၏ထမင်းဆိုင်၌ ထမင်းစားနေသည့်စရဖ ၃ ဦးကို AA တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဆိုသည်။
ယင်းသို့ဖမ်းဆီးသွားပြီးနောက် မြောက်ဦးမြို့တွင် ယမန်နေ့ညနှင့် ယနေ့ နံနက်ပိုင်းတို့၌ စစ်ကောင်စီတပ််ဖွဲ့ဝင်များက မြို့တွင်းလှည့်ပတ်ကာ အရပ်သားများကို ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။
မြို့ခံများ၏အပြောအရ အရပ်သား ၃ဝ ဦးထက်မနည်းဖမ်းဆီးခံလိုက်ရပြီး ယင်းအထဲတွင် ကျောင်းသား ၃ ဦးပါဝင်သွားကာ ယနေ့ ညနေပိုင်းအထိ တစ်ဦးမျှ ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဟု မြို့ခံများက ဆိုသည်။
လက်ရှိ မြောက်ဦးမြို့ရှိ အထင်ကရဘုရားပုထိုးများ၊ တောင်ကုန်းများနှင့် လမ်းဆုံလမ်းခွများတွင် စစ်ကောင်စီတပ်သားများ နေရာယူထားကြသည်ဟုလည်း အမည်မဖော်လိုသည့်မြို့ခံတစ်ဦးက ပြောသည်။
“မနက်ပိုင်းကတော့ အဖမ်းအဆီးတွေရှိခဲ့တယ်။ အခုညနေပိုင်းတော့ မြို့အခြေအနေ တည်ငြိမ်နေတယ်”ဟု ပြောသည်။
AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မေလနှင့် ယခုဇွန်လတို့အတွင်း ဖမ်းဆီးမှုများရှိလာနေသည်ဟုဆိုကာ AA ကလည်း ယခုကဲ့သို့ ဖမ်းဆီးနေရခြင်းဖြစ်သည်ဟု ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်က ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုသွားခဲ့သည်။ (NN-2)

ဆက်စပ် သတင်းများ