တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

စစ်တွေမြို့ ပေါ်ရပ်ကွက်တစ်ခုတွင် နောက်ထပ် စစ်ကောင်စီ တပ်သားတစ်ဦးဖမ်းဆီးခံရဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၄ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.7k

နိရဥ္စရာ၊ဇွန် ၂၃၊ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အနောက်စံပြရပ်ကွက်တွင် နောက်ထပ် စစ်သားတစ်ဦးကို ယနေ့ နေ့လယ် တစ်နာရီကျော်အချိန်ခန့်တွင် ရက္ခိုင့်တပ်တော်(AA)က ထပ်မံဖမ်းဆီးသွားသည်ဟု မျက်မြင်ရပ်ကွက်သားများ ကပြောသည်။
ဖမ်းဆီးခံလိုက်ရသည့် တပ်သားသည် ရပ်ကွက်အတွင်းရှိ ဆိုင်ကယ်ပြင်ဆိုင်တွင် ၎င်း၏ ဆိုင်ကယ်ကို ပြုပြင်ရန် ရောက်ရှိလာစဥ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မျက်မြင်အမျိုးသမီးတစ်ဦးကပြောသည်။
“စစ်သားကတစ်ယောက်တည်း ဆိုင်ကယ်ပြင်ဖို့လာတာ။ အဲဒီအချိန်မှာ အေအေက လူတစ်စုပေါ့။ ငါးယောက်ခြောက်ယောက်လောက်ပါတယ်။ ရောက်လာပြီးတော့ဖမ်းတာ။ အဲဒီအချိန်မှာ စစ်သားက တစ်အိမ်ဝင် တစ်အိမ်ထွက် ထွက်ပြေးတယ်။ ဒါပေမဲ့ နောက်ဆုံး ဖမ်းဆီးမိသွားပါတယ်” ဟုဆိုသည်။
အဆိုပါ စစ်သား ဖမ်းဆီးခံလိုက်ရပြီးနောက် ၎င်းရပ်ကွက်သို့ စစ်သားများ ရောက်ရှိလာပြီး စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့သည်ဟု အထက်ပါ အမျိုးသမီးကပြောသည်။
ဖမ်းဆီးခံရသူမှာ စစ်သားတစ်ဦးဖြစ်သည်ဟု သိရသော်လည်း အမည်၊ တပ်ရင်း၊ နေရပ်လိပ်စာများကို မသိရှိဟုဆိုသည်။
အလားတူ ယနေ့ မွန်းလွဲ ၁၂နာရီကျော်အချိန်ခန့်တွင်လည်း စစ်တွေမြို့မှ သုံးပွင့်နှင့် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီး သွားခဲ့သည်ဟုသိရသည်။
အဆိုပါ ဖမ်းဆီးရသည့်သတင်းနှင့် ပတ်သက်ပြီး ဟုတ်၊မဟုတ်ကို အတည်ပြုချက်ရယူနိုင်ရန် စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်ကို နိရဥ္စရာသတင်းဌာနက ဆက်သွယ်ခဲ့ရာ ၎င်းမှာ အစည်းအဝေး ပြုလုပ်နေသည်ဟုဆိုကာ ဖုန်းချသွား ခဲ့သည်။
ယခုလို စစ်သား၂ဦးဖမ်းဆီးခံလိုက်ရပြီးနောက် စစ်တွေမြို့နယ်ရှိ ကျောက်တန်း စစ်ဆေးရေးဂိတ် တွင် အသွားအပြန်ကားများနှင့် ခရီးသည်များကို ရပ်တန့်စစ်ဆေးနေသည့်အတွက် ၎င်းဂိတ်၌ တစ်ဖက် တစ်ချက်တွင် ကားအများအပြား တန်းစီစောင့်ဆိုင်းနေကြရသည်ဟု ဂိတ်ကို ဖြတ်ကျော် လာခဲ့သူတစ်ဦးကပြောသည်။
“ အရမ်းလုံခြုံရေးတင်းကျပ်ထားတယ်။ ကျွန်တော်တို့က ဆိုင်ကယ်နဲ့လာတာ။ ဂိတ်ကိုရောက်တော့ ကားတွေအကုန်လုံး တန်းစီစောင့်နေကြတယ်။ စစ်တွေဖက် ကိုလည်း မသွားရဘူး။ ဟို ပုဏ္ဏားကျွန်းဖက်ကိုလည်းမသွားရဘူး။ ကျွန်တော်တို့ စစ်ဆေးခံဖို့ စောင့်နေရတာတောင် တစ်နာရီလောက် ကြာတယ်”ဟု ဆိုသည်။
လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြို့နယ်အချို့တွင် အေအေက လိုက်လံ ဖမ်းဆီးမှုများဖြစ်ပေါ်နေပြီး အနည်းဆုံး စစ်သားနှင့်ရဲ ၁၀ ကျော်ခန့် ဖမ်းဆီးခံထားရပြီး စစ်ကောင်စီကလည်း လက်တုံ့ပြန်သည့် အနေဖြင့် ရခိုင်အရပ်သား ၁၀၀ နီးပါးကို ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
(ဓာတ်ပုံ- လူသွားလူများဖြင့် အလွန်စည်ကားသည့် စစ်တွေကားဂိတ်ကို လက်ရှိတွင် လူသူမရှိဘဲ ယခုလို မြင်တွေ့ရသည်။)

ဆက်စပ် သတင်းများ