တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

ရခိုင်တွင် ၂ ပတ်အတွင်း စစ်ကောင်စီတပ်သားနှင့်ရဲတပ်ဖွဲ့ဝင် ၁၅ ဦး ထက်မနည်းကို AA ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 3.9k

နိရဉ္စရာ၊ ဇွန် ၂၇/၂၀၂၂
ရခိုင်ပြည်နယ်တွင် နှစ်ပတ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦး အပါအဝင် စစ်ကောင်စီ တပ်သားများနှင့် ရဲတပ်ဖွဲ့ဝင် ၁၅ ဦးထက်မနည်းကို ရက္ခိုင့်တပ်တော်(AA) က ဖမ်းဆီး ထားသည်ဟု သိရသည်။
၎င်းဖမ်းဆီးမှုမှာ ဇွန်လ ၁၁ ရက်နေ့ကနေ ဇွန်လ ၂၃ ရက်နေ့အတွင်းဖြစ်သည်။
ပြီးခဲ့သည့်ဇွန်လ ၁၁ ရက်နေ့က ကျောက်တော်မြို့တွင် စစ်ကောင်စီတပ်သား ၂ ဦးကို စတင်ဖမ်းဆီးခဲ့ပြီး ဇွန်လ ၁၆ ရက်နေ့က ပုဏ္ဏားကျွန်းမြို့တွင် စစ်သား ၁ ဦး၊ ဇွန်လ ၁၇ ရက်နေ့မှာ မြောက်ဦးမြို့နယ်၊ တိမ်ညိုရဲစခန်းက ရဲသား ၁ ဦး၊ ဇွန်လ ၂၀ ရက်နေ့မှာ ကျောက်တော်ရဲစခန်းက ရဲတပ်သား ၃ ဦးတို့ကို အေအေကဖမ်းဆီးခဲ့ကြောင်း ဒေသခံများကပြောသည်။
ယင်းအပြင် မြောက်ဦးမြို့တွင် ဇွန်လ ၂၁ ရက်နေ့က စရဖ ၃ ဦး၊ ဇွန်လ ၂၂ ရက်နေ့က ရမ်းဗြဲ ကျောက်နီမော်ရဲစခန်းက ရဲသား ၂ ဦးအပါအဝင် ဇွန်လ ၂၃ ရက်နေ့က စစ်တွေမြို့တွင် စစ်တပ်အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့ကို AA ကဖမ်းဆီးသွားခဲ့သည်။
ဇွန်လ ၁၉ ရက်နေ့က ကျောက်တော်မှာ နောက်ထပ် စစ်ကောင်စီတပ်သား ၃ ဦးကို ဖမ်းဆီးခဲ့သည်ဟု သတင်းတွေထွက်ပေါ်ခဲ့သော်လည်း နိရဉ္စရာက အတည်မပြုနိုင်ခဲ့ပါ။
ဇွန်လ ၂၃ ရက်နေ့တွင် ရသေ့တောင်မြို့နယ်မှစက်မှုကြီးကြပ်အရာရှိတစ်ဦးနဲ့ ဒေသခံတစ်ဦးကို AA ကစစ်ဆေးမေးမြန်းရန်ခေါ်ဆောင်သွားခဲ့ပြီး စစ်ဖက်ဆိုင်ရာနဲ့ ပတ်သက်မှုမရှိသည့်အတွက် ယမန်နေ့ ဇွန်လ ၂၆ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့သည်ဟု သိရသည်။
ဖမ်းဆီးခံရသူ ဦးဆန်းလင်းအောင်၏ နိုင်ငံသားစိစစ်ရေးကဒ်နေရပ်လိပ်စာမှာ အမတ (အမြောက်တပ်) ဟု ဖော်ပြထားပြီး သူ့ခင်၏ညီဖြစ်သူမှာ စစ်တွေ အခြေစိုက် စစ်ကောင်စီတပ် အမတ (၃၇၃) အမြောက်တပ်မှာ တာဝန်ထမ်း ဆောင်နေသူဖြစ်ကာ ရက္ခိုင်ဘာသာစကားကိုကျွမ်းကျွမ်းကျင်ကျင် မပြော တတ်သည့်အတွက် AA တပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းရန် ခေါ်ဆောင် လာခြင်းဖြစ်သည်ဟု ယမန်နေ့ညနေပိုင်းတွင် AA က ထုတ်ပြန်ထားသည်။
ယခုကဲ့သို့ AAက ဖမ်းဆီးမှုများရှိခဲ့ပြီးနောက် သက်ဆိုင်ရာမြို့များအတွင်း စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ခဲ့ပြီး ဒေသခံအရပ်သား အများအပြား ကိုလည်း စစ်တပ်က စစ်ဆေးဖမ်းဆီးမှုများပြုလုပ်ခဲ့ကာ တချို့တဝက်ကို စစ်ဆေးမေးမြန်းပြီး ပြန်လည်လွှတ်ပေးခဲ့သည်ဟု သိရသည်။
ဇွန်လ ၂၃၊ ၂၄ ရက်နေ့က စစ်တွေမြို့တွင် အသက်မပြည့်သေးသူ ၃ ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ ၂၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း ရက္ခိုင့်တပ်တော် AA ကထုတ်ပြန်ထားသည်။
၎င်းအပြင် ပုဏ္ဏားကျွန်းမြို့တွင်လည်း အသက်မပြည့်သေးသူတစ်ဦးအပါအဝင် ၈ ဦးကို ဖမ်းဆီးထားကြောင်း AA ကဖော်ပြထားသည်။
တစ်ဘက်နှင့် တစ်ဘက်တင်းမာမှုများကြောင့် အရပ်သားများ ထိခိုက်မှု ရှိလာသည့် အတွက် နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းသင့်ကြောင်း ရခိုင် လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ အဖွဲ့တာဝန်ခံ ဦးမြတ်ထွန်းက နိရဉ္စရာကို ပြောသည်။
"၂ ဘက်ဖမ်းတာကနေ ပြည်သူတွေကို လိုက်ဖမ်းပြီး ညှင်းပမ်း နှိပ်စက်တဲ့ အနေအထားအထိ တွေ့လာရတယ်။ ညှင်းပမ်းနှိပ်စက်လို့ ဆေးရုံတက်ရတဲ့ အထိလည်း ကြားလာရတယ်။ ဒါတွေဟာအလားအလာမကောင်းတာတွေပဲ။ ဒီလိုပဲရှေ့ကိုဆက်မယ်ဆို ချုပ်ငြိမ်းသွားမှာမဟုတ်ဘဲ ပိုပြီးဆိုးလာမယ်။ ဒါကြောင့် ဒီလိုမဖြစ်ဖို့ နိုင်ငံရေးကို နိုင်ငံရေးအရ ဖြေရှင်းသွားရမှာ ဖြစ်တယ်"ဟု ပြောသည်။
ဖမ်းဆီးခံထားရသည့် အရပ်သားအချို့ပြန်လည် လွတ်မြောက်လာမှု ရှိသော်လည်း မတရား ဖမ်းဆီးခံထားရသည့် အရပ်သားအများအပြား ရှိနေသေးသည့် အတွက် အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုဝင်များက တောင်းဆိုထားသည်။(NN- 7)
(ဓာတ်ပုံ- ကျောက်တော်ဆိပ်ကမ်းတွင် လုံခြုံရေးယူနေသော ရဲများကို တွေ့ရစဉ်။)

ဆက်စပ် သတင်းများ